DVB Logo
Home
မြန်မာသတင်း
ရေနွေးပူလောင်ဒဏ်ရာရ ကလေးငယ်အတွက် ကရင်ပြည်နယ်အစိုးရ ငွေလှူဒါန်း
DVB
·
March 7, 2013
ရေနွေးပူလောင်ဒဏ်ရာရ ကလေးငယ်အတွက် ကရင်ပြည်နယ်အစိုးရ ငွေလှူဒါန်း
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်လို့ ဒဏ်ရာအကြီးအကျယ်ရခဲ့တဲ့ ကရင်မိန်းကလေးငယ် အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ကရင်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဥက္ကဋ္ဌတို့က အကူငွေ ပေးအပ်ခဲ့ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ မြ၀တီမြို့နယ် ကူးသန်းရောင်းဝယ်ရေး ဥက္ကဋ္ဌ ဒေါ်တင်တင်မြတ်တို့က ထိုင်းနိုင်ငံ ကမ်ဖိုင်ဖစ်ခရိုင် ကလေးနဲ့မိသားစုများ ကယ်ဆယ်ရေးဂေဟာမှာ စောင့်ရှောက်ထားတဲ့ အသက် ၁၂ နှစ်ရွယ် ကရင်မိန်းကလေး နောင့်အဲအတွက် မနေ့က အလှူငွေ ဘတ် ၁ သောင်းစီ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာအလုပ်သမား ကရင်မိဘက မွေးဖွားခဲ့သူ မိန်းကလေးငယ်လေး အရွယ်နဲ့မမျှအောင် နှိပ်စက်ခံရတဲ့သတင်းကို ကြားသိရတဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရပြီး ဘတ်ငွေ ၂ သောင်းကို  ဆက်သွယ်လှူဒါန်းလာတာလို့ ထိုင်းနိုင်ငံ ကမ်ဖိုင်ဖစ်ခရိုင် ကူးသန်းရောင်းဝယ်ရေး ဥက္ကဋ္ဌ နိုင်းမွန်းတရီး လောဝ်ဆပ်ဒီပဆစ်က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ဌာနနဲ့ လူထုဖောင်ဒေးရှင်းအဖွဲ့ကလည်း အလှူငွေ ဘတ် ၁ သောင်း၊ မုန့်နဲ့ ကလေးကစားစရာတွေကို မနေ့က စုပေါင်းလှူဒါန်းခဲ့တယ်လို့ နိုင်းမွန်းတရီးက ဆိုပါတယ်။

ကမ်ဖိုင်ဖစ်ခရိုင် ကယ်ဆယ်ရေးဌာန အရာရှိရဲ့ ပြောကြားချက်အရ ကရင်မိန်းကလေး နောင့်အဲအတွက် အကူငွေ ဘတ်ငွေ ၈ သောင်းခွဲကျော် ရရှိပြီဖြစ်ကြောင်းနဲ့ ဆေးကုသစရိတ်ကိုတော့ နိုင်ငံတော်က အကုန်ကျခံမှာဖြစ်တဲ့အတွက် ဒီငွေတွေ ထုတ်သုံးစရာ မလိုဘဲ မိသားစုနဲ့ ပြန်နေတဲ့အခါကျရင် အဲဒီငွေတွေ ပေးအပ်မယ်လို့ ဆိုပါတယ်။

နောင့်အဲဟာ  ကျန်းမာရေးတိုးတက်ကောင်းမွန်လာသလို ကိုယ်အလေးချိန် တက်လာကြောင်း၊ ပြုံးပြုံးရွှင်ရွှင်ရှိလာပြီး ထိုင်းစာကို စိတ်ဝင်တစား သင်ယူနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဘန်ကောက် ရာမဓိပတိ ဆေးရုံမှာ ဆေးစစ်ခဲ့ပြီး အားလုံးပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အတတ်နိုင်ဆုံးကုသပေးမှာဖြစ်ပြီး ကုသရေးမှာ  အနည်းဆုံး အချိန် ၂ နှစ်  ပေးရမှာဖြစ်ကြောင်း၊ လောလောဆယ် တရားရုံးမှာ သက်သေထွက်ဆိုပေးဖို့ စောင့်ဆိုင်းနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မိန်းကလေးကို နှိပ်စက်ခဲ့တဲ့ ထိုင်းလင်မယားကို ဖမ်းဝရမ်းထုတ်ထားပေမယ့် ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ အမှုမှာ တစိတ်တပိုင်း ပါဝင်ပတ်သက်နေတဲ့ နန်းရတ်တနကွန်းရဲ့ မိခင်ဖြစ်သူ နန်းရတ်ဒါ့ မဟာဘွန်းဖချိုင်း (အသက် ၆၃) နှစ်ကိုတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဖမ်းဆီးပြီး ကမ်ဖိုင်ဖစ်ခရိုင်တရားရုံး အချုပ်ခန်းမှာ ထိန်းသိမ်းထားပါတယ်။ လာမယ့် မတ်လ၁၂ ရက်နေ့မှာ ရုံးထုတ်မယ်လို့ ကမ်ဖိုင်ဖစ် ရဲစခန်း အရာရှိက ဒီဗွီဘီကို ပြောပါတယ်။

ဒီအမှုကို ထိထိရောက်ရောက်အရေးယူဖို့ မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထိုင်းအစိုးရကို တရားဝင်စာပေးပို့ တိုက်တွန်းထားသလို  ထိုင်းနိုင်ငံ ကရင်လူမှုအဖွဲ့အစည်းတွေကလည်း ထိုင်းဝန်ကြီးချုပ်ကို တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013