ညောင်လေးပင်တွင် ကန်စွန်းရွက်ခူးရာမှ ၇ နှစ်မိန်းကလေးနှင့်အဒေါ်ဖြစ်သူ ရေနစ်သေဆုံး
DVB
·
February 14, 2020
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မယ်ဇလီခင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကန်စွန်းရွက်သွားခူးရာမှ ၇ နှစ်အရွယ်မိန်းကလေးနဲ့ အဒေါ်ဖြစ်သူတို့ ရေနစ်သေဆုံးခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။
မြို့နယ်ပြည်သူ့ဆေးရုံမှာ ရေနစ်သေဆုံးနေတဲ့ အမျိုးသမီးတဦးနဲ့ ကလေးငယ်တဦး ရောက်ရှိ နေကြောင်း မြို့နယ်ဆရာဝန်းကြီးက ဖုန်းဆက်အကြောင်းကြားတာကြောင့် သက်သေတွေနဲ့ သွားရောက်စစ်ဆေးရာ မပိုးအိစံ ၂၈ နှစ်နဲ့ မဇွန်မီမီဇော် ၇ နှစ်တို့ နှုတ်ခမ်းပြာပြီး သေဆုံးနေတာ တွေ့ရတယ်လို့ မြို့မစခန်းမှူး ဒုရဲမှူး ဌေးဝင်းက ပြောပါတယ်။
ရေနစ်သေဆုံးတာနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူကို မေးမြန်းရာမှာ သမီးဖြစ်သူ မပိုးအိစံနဲ့ တူမဖြစ်သူ မဇွန်မီမီဇော် တို့နှစ်ဦးဟာ မယ်ဇလီခင်ကျေးရွာ အနောက်ဘက်မှာရှိတဲ့ ရေအိုင်မှာ ကန်စွန်းရွက်ခူးဖို့ ထွက်သွားရာက ပြန်မလာတဲ့အတွက် လိုက်လံရှာဖွေရာမှာ ရေအိုင်အတွင်း ရေနစ် သေဆုံးနေတာကို တွေ့ရှိတာကြောင့် မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တာလို့ ပြောဆိုကြောင်း မြို့မစခန်းမှူး ဒုရဲမှူး ဌေးဝင်းက ပြောပါတယ်။
"နှစ်ယောက်စလုံးမှာတော့ ပြင်ပဒဏ်ရာ မတွေ့ရှိရဘူး။ ရင်ခွဲစစ်ဆေးရာမှာ အဆုတ်ထဲရေဝင်ပြီး အသက်ရှူလမ်းကြောင်းပိတ်ပြီး သေတာလို့ ဆရာဝန်က မှတ်ချက်ပြုတယ်။"
မပိုးအိစံနဲ့ မဇွန်မီမီဇော်တို့ သေဆုံးတာနဲ့ပတ်သက်ပြီး ညောင်လေးပင်မြို့မစခန်းက ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပြီး သေမှုသေခင်းအမှတ်နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း- နေလင်းထိုက်