DVB Logo
Home
မေးမြန်းခန်း
အန်အယ်လ်ဒီ-အယ်လ်အေ နိုင်ငံလုံးဆိုင်ရာညီလာခံကို လေ့လာသူအဖြစ် တက်မည်
DVB
·
March 7, 2013
Donate to DVB

ပြည်တွင်းကို လေ့လာရေးခရီးရောက်နေတဲ့ အန်အယ်လ်ဒီ(အယ်လ်အေ) အဖွဲ့ဟာ မတ် ၈ ရက်မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို လေ့လာသူတွေ အနေနဲ့ တက်ရောက်မယ်လို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသန့်စင်ဦးက ပြောပါတယ်။

သူတို့အဖွဲ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးသန့်စင်ဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အန်အယ်လ်ဒီ-အယ်လ်အေအဖွဲ့ ပါတီထဲ ရောက်သွားပြီတော့ ဒီနေ့ထိ ဘယ်သူတွေနဲ့ တွေ့ပြီးပြီလဲ။

“မြန်မာငြိမ်းချမ်းရေး စင်တာက ဦးအောင်မင်းဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီးအီးစီတွေနဲ့ တွေ့ပါတယ်။ နောက် ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပါတယ်။ နောက်ပြီး ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ယူအန်အေ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တော့ ဘာတွေ ဆွေးနွေးဖြစ်လဲ။

“ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အချိန်မှာတော့ ကျနော်တို့ ပြည်ပမှာ လှုပ်ရှားနေတဲ့ အခြေအနေတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ရှေ့လျှောက်လုပ်ငန်းစဉ်တွေ တင်ပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်သူတွေ ကြုံတွေ့ရတဲ့ အခက်အခဲပြဿနာ၊ ကျနော်တို့ တိုင်းရင်းသားပါတီတွေကို ဘယ်လိုသဘောထားရမယ် ဆိုတာတွေ ပြန်ပြီး ဆွေးနွေးကြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ-အယ်လ်အေအဖွဲ့ကို လွတ်မြောက်နယ်မြေ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ရှေ့လျှောက် ရေရှည်မသွားသင့်ဘူးလို့ ပြောလိုက်တယ်လို့ ကြားရပါတယ်။

“ဟုတ်ပါတယ်။ ရေရှည်ဆိုတာက အမှန်မှာက လွတ်မြောက်နယ်မြေဆိုတော့ အရင်ကတည်းက မလွတ်မြောက်လို့လားဆိုတဲ့သဘော ဖြစ်သွားမှာစိုးတဲ့အတွက် ဘယ်လိုပြန်လည်ခေါ်ညှိသင့်တယ်ဆိုတာမျိုး ကျနော်တို့ကို အကြံဥာဏ်ပေးတဲ့ သဘောပါ။”

ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့နဲ့ တွေ့တော့ ဘာတွေ ဆွေးနွေးခဲ့ကြလဲ။

“သူတို့ကတော့ မြန်မာပြည်မှာ တွေ့နိုင်တဲ့သူအားလုံးနဲ့ လွတ်လွတ်လပ်လပ် တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံရေးမှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။ တကယ်လို့များ ပြန်လာပြီးတော့ နိုင်ငံရေးလုပ်မယ်ဆိုလည်း လုပ်ပေါ့။ ဒါမှမဟုတ် အန်ဂျီအိုအဖွဲ့အစည်းလုပ်မယ်ဆိုလည်း လုပ်ပါ။ သူတို့အနေနဲ့ ဘာမှတားဆီး ပိတ်ပင်တာမျိုးမရှိပါဘူးဆိုတာမျိုး ပြောပါတယ်။”

စီအီးစီအဖွဲ့နဲ့တွေ့တော့ရော။

“စီအီးစီအဖွဲ့နဲ့တွေ့တော့ ညီလာခံကိစ္စထက် ပြင်ပမှာလှုပ်ရှားမှုတွေ၊ အန်အယ်လ်ဒီနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာတွေကအစ တင်ပြဖို့ရှိပါတယ်။”

ညီလာခံတက်မှာလား။

“ညီလာခံကိုလေ့လာပြီး တင်ပြခွင့်ရမယ်။”

နောက်ရက်တွေ ဘာတွေလုပ်ဖို့ရှိပါလဲ။

“၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့တွေ့ပါတယ်။ ဘာတွေဆွေးနွေးဖြစ်လဲဆိုတော့ ပြန်လာရခြင်း ရည်ရွယ်ချက်။ တခြား နိုင်ငံတွေမှာ ဘယ်လိုတွေလုပ်ဆောင်နေတယ်။ ဒီမှာရှိတဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို မေးမြန်းပြီးတော့ ဘာတွေပူးပေါင်းဆောင်ရွက်လို့ရမလဲဆိုတာ ကျနော်မေးမြန်းပါတယ်။”

ဦးသန့်စင်ဦးတို့ သဘောထားကရော။

“ကျနော့်တို့ သဘောထား သေချာမပြောနိုင်သေးဘူး။ အားလုံး ပြန်ဆွေးနွေးပြီးမှ ပြောနိုင်မယ်ထင်တယ်။”

ဦးသန့်စင်ဦးတို့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ တိုင်းပြည်နဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ ဝေးကွာပြီးမှ ၀င်သွားတော့ အခုဆိုရင် ခေါင်းဆောင်နဲ့လည်းပြန်တွေ့ရတယ်။ အစိုးရနဲ့လည်း တွေ့တယ်။ ၈၈ ပွင့်လင်းအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်ဆိုတော့ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ ဘယ်လိုသုံးသပ်မိလဲ။

“နိုင်ငံရေးအခင်းအကျင်းကတော့ အရင်ထက်စာရင်အများကြီးပြောင်းလဲနေတာ တွေ့ရတယ်။ လက်ရှိ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်နေတဲ့ အစိုးရအနေနဲ့လည်း နိုင်ငံရေးအခင်းအကျင်းတွေ ပြန်လည်ခင်းကျင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစား အားထုတ်နေတာ တွေ့ရပါတယ်။ တခုပဲစိတ်မကောင်းတာက မြန်မာပြည်မှာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် တိုးတက်တာတွေ့ရပြီး၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်တာ မတွေ့ဘူး။ စည်းကမ်းတော်တော်ပျက်တယ်။ စည်းကမ်းပိုင်းမှာ တော်တော်ကြီးကို ပျက်စီးနေတာ တွေ့ရပါတယ်။”

ဘယ်လိုနေရာမျိုးတွေလဲ ဥပမာလေးတခုလောက် ပြောပြပါ။

“ဥပမာ ကားစောင့်ဆိုင်းတာမျိုးမှာ စည်းကမ်းတကျတန်းစီစောင့်ဆိုင်းတာမျိုး မရှိဘူး။ အလုအယက် သူ့ထက်ငါ ကိုယ်ရပြီးရော ဆိုတဲ့ စိတ်ဓာတ်မျိုးပေါ်နေတာ တွေ့ရပါတယ်။ ဘယ်လိုပြောမလဲ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားတဲ့ သဘောမျိုး၊ ရရင်ရသလိုလုပ်မယ်၊ လုပ်စားမယ်ဆိုတာမျိုးပေါ့လေ။ ဒါမျိုးတွေ့ရတတော့ ရေရှည်မှာ ဒါတွေမကောင်းဘူးလို့ ထင်ပါတယ်။”

တခြား ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။

“ငြိမ်းချမ်းရေးပဲပြောပြော၊ လေ့လာရေးပေါ့လေ။ ပြည်တွင်းမှာ ဘယ်လိုတိုးတက်မှုရှိတယ်၊ ပြောင်းလဲမှုရှိတယ်ဆိုတာကို မျက်ဝါးထင်ထင်တွေ့ရအောင် စီစဉ်ပေးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013