Home
မြန်မာသတင်း
မင်းပြားတွင် တိုက်ပွဲကြောင့် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်များ ပိတ်မိနေ
ဝဏ္ဏခွာညို
·
February 14, 2020
86182308_996401380715869_28071296361299968_n
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတား၊ ဖားပြိုကျေးရွာ ရန်ကုန်-စစ်တွေ ကားလမ်းမအနီးမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၉ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေ ပိတ်မိနေတယ်လို့ သိရပါတယ်။ ရာမောင်းတံတား ဇက်ကူးဆိပ်နားမှာ တိုက်ပွဲဖြစ်ပွားနေပြီး ရန်ကုန်ဘက်သွားတဲ့ ယာဉ်တွေ ရာမောင်တံတားကားလမ်းမတွေမှာ ပိတ်မိနေတယ်လို့ တံတားအနီး အမ်းသာရွာက သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။ “၉ နာရီ ၁၅ မိနစ်လောက်မှာ စပြီးတော့ တိုက်ပွဲဖြစ်နေကြတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေ ကျနော်တို့ တွေ့မြင်နေရတယ်။ တိုက်ပွဲကတော့ အခုအချိန်အထိ ဖြစ်နေတုန်းပဲ၊ အထိအခိုက် အကျဆုံးရှုံးကတော့ ကျနော် မသိရသေးဘူး။ ကားလမ်းတွေကလည်း အကုန်ပိတ်ထားရတယ်။ ရာမောင်တံတားမှာ ဇက်ကူးမရဘူး။ ကားတွေကလည်း အကုန်ပိတ်ဆို့နေတယ်။” တိုက်ပွဲပိုမိုပြင်းထန်လာပါက တိုက်ပွဲဖြစ်ပွားတဲ့ အနီးအနား ကျေးရွာဒေသခံတွေနဲ့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရမှာ စိုးရိမ်နေကြတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ ဖားပြိုကျေးရွာဒေသခံတဦးက “ကျနော်အိမ်နားကပဲ လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေ မြင်ရတယ်။ ကျနော်တို့ကတော့ ဗုံးတွင်းအောက်ပုန်းနေကြတာရှိတယ်။ ကြောက်ပြီးတချို့ကျတော့ ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ထန်ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးဘူးလို့ ဖားပြိုကျေးရွာသားတွေက ဒီဗွီဘီကိုပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024