ပဲခူး ဟံသာ၀တီမြို့ရိုးဟောင်းအတွင်းက ကျူးကျော်နေအိမ် ၁၀၀ ကျော်ကို ဖယ်ရှားမည်
DVB
·
February 14, 2020
ပဲခူးတိုင်း၊ ပဲခူး ဟံသာ၀တီမြို့ရိုးဟောင်းနဲ့ ကျုံးရိုး တူးဖော်ရေးလုပ်ငန်းအတွင်း ကျရောက်နေတဲ့ ကျူးကျော်အိမ် ၁၀၁ လုံးကို ဖေဖော်ဝါရီလမကုန်ခင် ဖယ်ရှားသွားမယ်လို့ ပဲခူးတိုင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောပါတယ်။
“ပဲခူးဟံသာ၀တီ မြို့ရိုးဟောင်း နဲ့ ကျုံးရိုး ကို ၂၀၁၉ ခုနှစ်ကတည်းက စတင်တူးဖော်ခဲ့ပြီး အခု ၂၀၂၀ မှာ ဆက်လက်တူးဖော်တာတွေ ပြုလုပ်နေပါတယ်။ အရင်နှစ်က ကျုံးရိုးကို ပေအရှည် ၁၈၀၀ လောက် တူးဖော်ခဲ့ပြီး ဒီနှစ်မှာတော့ နောက်ထပ် ပေ ၁၆၀၀ ကျော်လောက် ဆက်လက်တူးဖော်မှာ ဖြစ်ပါတယ်။ အဲဒီကျုံးအတွင်မှာ ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက ဘာသာရေး အဆောက်အဦ တွေ၊ ဌာနဆိုင်ရာ အဆောက်အဦ တွေ ကျူးကျော်နေထိုင်သူတွေနဲ့ စျေးဆိုင်ခန်းတွေအပါအ၀င် အဆောက်အဦ ပေါင်း ၂၄၀၀ ကျော်လောက်ရှိပြီး လက်တလောမှာတော့ ကျိုးတူးဖော်ရေး လုပ်ငန်းအတွင်းမှာရှိတဲ့ ကျူးကျော်အိမ် ၁၀၁ လုံးကို ဖေဖော်ဝါရီလမကုန်ခင်အတွင်း မြေနေရာပေးပြီး ဖယ်ရှားသွားမယ်”လို့ ပြောပါတယ်။
ဟံသာ၀တီ ရှေးဟောင်းကျုံးအတွင်း ကျရောက်လို့ဆိုပြီး အခုဖယ်ရှားမဲ့ ကျူးကျော်တွေက ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက် မြို့ပတ္တာလမ်းက နေအိမ်တွေဖြစ်ပါတယ်။
ကျောက်ကြီးစုရပ်ကွက်နေ မစပယ်ထွန်းက “အခုလို မြေနေရာအစားပေးတယ်ဆိုတော့ အဆင်ပြေပါတယ်။ တသက်နဲ့တကိုယ် ကိုယ်ပိုင်မြေနဲ့နေဖို့ဆိုတာ မလွယ်တဲ့အတွက် ခုလို ကိုယ်ပိုင်မြေနဲ့ နေရတော့မယ်ဆိုတော့ မမျှော်လင့်တဲ့ အိပ်မက်တခု” လို့ ပြောပါတယ်။
အခုတူးဖော်ထားတဲ့ ကျုံးရိုးပတ်လမ်းကို တင်ဒါအောင်ကုမ္ပဏီကနေ ပထမအဆင့် ၁၈ ပေခွဲ မြေသားဖို့မယ်၊ ပြီးရင် အဲဒီမြေသားပေါ်မှာ ၁၆ ပေအကျယ် ၈၀ ထပ်ခင်းမှာပါ။ အဲဒီဂဝံပေါ်ကမှတဆင့် ၁၄ ပေအကျယ် ကွန်ကရစ် ခင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျုံးရိုးတလျှောက်ကို ပြည်သူတွေ အနားယူအပန်းဖြေဖို့ ထိုင်ခုံတွေလုပ်မယ်၊ ညဘက်တွေပါ အပန်းဖြေနိုင်အာင်လည်း အလှဆင်မီးတွေ တပ်သွားမယ်လို့ သိရပါတယ်။