ထိုင်းစစ်သားတဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူတွေအတွက် တပ်မတော်ကိုယ်စား ထိုင်းတပ်မတော်ဦးစီးချုပ်ရဲ့ ပြည်သူလူထုကို တောင်းပန်တဲ့အကြောင်း သတင်းတွေမှာဖတ်လိုက်ရတယ်။ သူ့ရဲ့ ပြောစကားဖြစ်တဲ့ “ပြည်သူကိုပစ်ရန် သေနတ်မောင်းကိုဆွဲ လိုက်ကတည်းက စစ်သားမဟုတ်ဘဲ ရာဇဝတ်ကောင်ဖြစ်သွားပြီ” ဆိုတဲ့ပြောစကားဟာ မြန်မာနိုင်ငံသားတွေရဲ့ ပါးစပ်ဖျားမှာ စွဲသွားခဲ့ပါတော့တယ်။
ဘာလို့မြန်မာတွေရဲ့စိတ်ထဲစွဲသွားလဲ။ ကိုယ်တိုင်ခံစားနားလည်မှုကြောင့်ပါ။ အနှစ်နှစ် အလလက ပြည်သူပြည်သားတိုင်း ရင်ထဲစူးဝင်နေခဲ့တဲ့ခံစားချက်ရဲ့ တွန်းအားပေးမှုတခုပဲ။ နောက်တခုကတော့ ထိုင်းတပ်မတော်ဟာ ပညာသည်ဆန်တဲ့ (Professional) စစ်တပ်ဖြစ်တာလည်း တကြောင်းပါမှာပါ။ ဒီမှာတော့ တချိန်က Professional ကို ကြေးစားလို့ပြန်ခဲ့ကြသေးတယ်။ တကယ်တော့ Professional ဟာ ကြေးစားတော့မဟုတ်ပါဘူး။ ဒီပြန်ဆိုမှုဟာ မသင့်လျော်ဘူးလို့ မြန်မာစာပေပညာတတ်တွေက ပြောကြားခဲ့ဖူးတယ်။
တကယ်တော့ Profession ဆိုတာ အသက်မွေးမှုလို့ အဓိပ္ပါယ်ရတယ်လို့ဆိုပါတယ်။ ဒါကိုပဲကြေးစားလို့ ဘာသာပြန်လိုက်ကြတာပါ။ ဆရာမကြီးဒေါ်ခင်မျိုးချစ်ကတော့ အဲ့လိုပြန်တာ ရင့်သီးလွန်တယ်လို့ ဆိုပါတယ်။ “ကြေးစား” ဆိုတာနဲ့ အဓိပ္ပါယ်တူတဲ့ အင်္ဂလိပ်စကားလုံးရှိတယ်။ Mercenary ဟာ ကြေးစားနဲ့အဓိပ္ပါယ်တူပါတယ်။ ဟို ရှေးခေတ်က မြို့စားတွေနယ်စားတွေ၊ ဘုရင်တွေဟာ Mercenary Army လို့ခေါ်တဲ့ ကြေးစားစစ်သားတွေ၊ တပ်မတော်တွေကို ငှားရမ်းပြီး စစ်ပွဲတွေမှာအသုံးပြုခဲ့ကြတယ်။ ရုပ်ရှင်တွေထဲမှာ ကြည်ဖူးကြမှာပါ။
အဲ့ဒီလိုလက်ရုံးရည်ရှိပြီး ဓားခုတ်လှံထိုးအမျိုးမျိုးတတ်ကျွမ်းပြီးသူတွေဟာ ကြေးစားအဖြစ် အငှားလိုက်တဲ့ Mercenary Soldier တွေပေါ့။ သူတို့ကို Professional လို့ခေါ်လို့မရဘူး။ ဘာလို့လည်းဆိုတော့ ကြေးစားစစ်သားမှာ ဘာခံယူချက်မှမရှိဘူး။ ပိုက်ဆံငွေကြေး များများပေးသူ ဒါမှမဟုတ် လာဘ်လာဘပေးနိုင်သူတွေထံမှာ အမှုတော်ထမ်းကြတာပါပဲ။ ပြည်သူလူထုမျက်နှာ ကြည့်ဖို့၊ ထောက်ထားညှာတာဖို့ဆိုတာသူတို့နဲ့မဆိုင်ဘူး။ ငွေပေးရင် ပိုက်ဆံရရင် လူသတ်ဆိုလည်း သတ်မှာပဲ။ ပိုက်ဆံငွေကြေးကလွဲပြီး ဘယ်သူမျက်နှာမှမထောက် ခိုင်းရာလုပ်တဲ့သူတွေကို ကြေးစားစစ်သား ( Mercenary Soldier)လို့ခေါ်ပြီး အဲ့ဒီလူတွေနဲ့ဖွဲ့စည်းထားတဲ့တပ်ဖွဲ့ကို Mercenary Army လို့ခေါ်ခဲ့ကြတာကလား။
Professional ဆိုတာကြတော့ အဲ့လိုငွေပေး၊လာဘ်လာဘပေးခိုင်းလို့မရဘူး။ သူက ပညာရပ်တခုခုမှာ ကျွမ်းကျင်တယ်။ မှန်ကန်တဲ့ခံယူချက်လည်းရှိရတယ်။ ဂုဏ်သိက္ခာလည်း စောင့်ရတယ်။ အနက်အဓိပ္ပါယ် လေးနက်တယ်။ ခံယူချက်ဆိုရာမှာလည်း ဖြောင့်မတ်မှန်ကန်တဲ့ ခံယူချက်ရှိဖို့လိုတာပါ။ လက်ဝဲလက်ယာအဖျက်သမားလို့ လူထုကိုစွပ်စွဲရင်း ကိုယ်တိုင်က အစွန်းရောက်ဖြစ်သွားတဲ့ ယုံကြည်ချက်မျိုးတော့မဟုတ်ပေဘူး။ ကိုယ့်အမိန့်ပေးသူရဲ့ အမိန့်ကို ဆန်းစစ်မှုမလုပ်ပဲ ခိုင်းတဲ့အတိုင်း အမှန်အမှားမသိပဲ လုပ်နေရင်ကြေးစားစိတ်ပဲလို့ ပြောကြတယ်။
ဒီမှာ မဆလခေတ်က ကြိုးပေးအသတ်ခံရတဲ့ ဆလိုင်းတင်မောင်ဦးပြောခဲ့တဲ့ စကားလေးက မှတ်သားစရာပါ။ ဆလိုင်းတင်မောင်ဦးက သူ့သူငယ်ချင်းကိုပြောတာက “ကြေးစားစစ်သားတွေဟာ သူတို့ကိုပေးကျွေးနေတဲ့ အထက်အရာရှိကပေးတဲ့ အမိန့်အတိုင်းနာခံရတယ်။ လုပ်လိုက်ရတယ်။ အထက်အရာရှိက အမိန့်ပေးတယ်ဆိုရင် သူတို့က ဘယ်သူကိုမဆို သတ်ဖို့ဝန်မလေးဘူး။ သာမန်စစ်တပ်ထဲမှာရှိတဲ့ စစ်သားတွေက ကြေးစားတွေလိုပဲပြုမူကြတယ်ဆိုရင် သူတို့ကလည်း ကြေးစားစစ်သားတွေ ဖြစ်သွားကြတာပဲ။ ဆိုလိုတဲ့သဘောကတော့ ကိုယ်ထမ်းဆောင်ရမယ့် တာဝန်ကဘာလဲဆိုတာ အတိအကျမသိ။ သိအောင်လည်း မကြိုးစား။ အထက်အရာရှိကပေးတဲ့ အမိန့်ကို ဆန်းစစ်မှုတွေဘာတွေမလုပ်တော့ပဲ ပေးသမျှအမိန့်အတိုင်း နာခံလုပ်နေကြရသူတွေကို ကြေးစားစစ်သားလို့ ခေါ်တာပါကွာ”လို့ပြောခဲ့တာကို သူ့အတ္ထုပ္ပတ္တိမှာ ဖေါ်ပြထားတယ်။
သူကတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသားထုသွေးစွန်ခဲ့တဲ့ ဂျူလိုင် ၇ ရက်နေ့ဖြစ်ရပ်ကို သာဓကပြပြီး ကြေးစားနဲ့ Professional Armyကိုခွဲခြားပြခဲ့တာ။ တကယ်တော့ မြန်မာနိုင်ငံသားတွေဟာ သမိုင်းတလျောက်လုံး ဂုဏ်သိက္ခာရှိတဲ့ Professional Army ကို မျှော်လင့်တောင့်တခဲ့ကြတာပါ။ တိယကမ္ဘာစစ်အတွင်းက မောင်ဂိုမာရီ၊ မက်အာသာနဲ့ မြန်မာထဲကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလို စစ်သားမျိုးတွေကို စိတ်ကူးယဉ်မျှော်လင့်ခဲ့ကြတာ။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ဘယ်လောက်ပရော်ဖက်ရှင်နယ်ဆန်သလဲဆိုရင် နိုင်ငံရေးလုပ်ဖို့ လိုအပ်ချိန်မှာ စစ်သားကထွက်ပြီး ဦးအောင်ဆန်းအဖြစ် နိုင်ငံရေးထဲဝင်ခဲ့တာ။ မရှင်းမရှင်း မလုပ်ခဲ့ဘူး။ ဂုဏ်သိက္ခာကိုအဲ့လောက် စောင့်စည်းခဲ့ပေတာပဲ။
မောင်ဂိုမာရီနဲ့ မက်အာသာတို့က သူတို့ကို Prဝfessional Soldier လို့ပြောခံရင် အလွန်ဂုဏ်ယူကြသတဲ့။ သူတို့ ကိုယ်သူတို့လည်း True Prဝfessional Soldier လို့ အမြဲတမ်းဂုဏ်ယူပြောလေ့ရှိသတဲ့။ ဒီလိုပဲ Proessional Soldier တယောက်ဖြစ်တဲ့ ထိုင်းစစ်ဌာနဦးစီးချုပ်ရဲ့ “ပြည်သူကိုပစ်ရင် သေနတ်မောင်းဆွဲလိုက်ကတည်းက စစ်သား မဟုတ်တော့ဘူး ရာဇဝတ်ကောင်ဖြစ်သွားပြီ”ဆိုတဲ့ စကားကလည်း မြန်မာတို့နှလုံးသားထဲမှာ ဘယ်တော့မှမရနိုင်တဲ့ အိပ်မက်စကားတခွန်းအဖြစ် တင်ကျန်ရစ်ခဲ့မှာအသေအချာပါ။
ထွန်းဇော်ဌေး