မူလွန်စာသင်ကျောင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကျောင်းသား၂၁ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စညှင်းဝေအုပ်စု၊ ခမွေချောင်းကျေးရွာ မူလွန် စာသင်ကျောင်းမှာလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကျောင်းတက်နေတဲ့ ကျောင်းသား ၂၁ ဦးဒဏ်ရာရပြီး  ၁ ဦးအခြေအနေစိုးရိမ်ရတယ်လို့ဆရာ၊ ဆရာမတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်း ၉ နာရီလောက်က  အမက ခမွေချောင်းမူလွန် စာသင်ကျောင်းမှာလက်နက်ကြီးကျည်ကျ ရောက်ခဲ့တာဖြစ်ပြီး ၄ တန်းကျောင်းသူတဦး ဒဏ်ရာပြင်းလို့ စိုးရိမ်ရတယ်လို့ ကျောင်းတာဝန်ခံ ဦးသာအေးမောင်က ပြောပါတယ်။ “၉ နာရီခွဲလောက်မှာ လက်နက်ကြီးကကျတာ၊ ကျောင်းမှာက ကျောင်းသားတွေ ဆော့ပြီး တော့ကစားနေကြတဲ့အချိန်မှာ လာကျတာ၊ ကျနော်လည်းကျောင်းကို ရောက်လုမယ့်အချိန် ကျောင်းဝင်ဝမှာလက်နက်ကြီးကျတာ။ အဲ့ဒီမှာ ၂၁ ယောက်ဒဏ် ရာရတယ်။ အဲ့ဒီထဲမှာ အသက် ၅ အရွယ် ကျောင်းသူတယောက်ဒဏ်ရာပြင်းထန်တယ်။ စိုးရိမ်ရတဲ့အခြေအနေရှိတယ်။” အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာရကျောင်းသူကတော့ မခင်ရီဦးဖြစ်ပြီး လက်ရှိ ဘူးသီးတောင်ဆေးရုံမှာ အရေးပေါ်ကုသနေရတယ်လို့ ဦးသာအေးမောင်က ပြောပါတယ်။ ဒီလို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုတွေကြောင့် ကျောင်းပြတင်းပေါက်တွေနဲ့ ကျောင်းခေါင်မိုးတွေ ပျက်စီးသွားပါတယ်။ ခမွေချောင်းကျေးရွာ အမက မူလွန်စာသင်ကျောင်းတာဝန်ခံ ဦးသာအေးမောင်က “ကျောင်းတခုလုံးပျက်စီးသွားတယ်။ ပြီးတော့ ကျောင်းပြတင်းပေါက်တွေ၊၊ ကျောင်းခေါင်မိုးတွေ၊ အကုန်ပြိုသွားတယ်။ ပြီးတော့အိမ်သာတွေ အကုန်ပျက်စီးသွားတယ်။ ဒီလက်နက်ကြီးက ကျနော်ရွာကျောင်းနားကတပ်မတခု ရှိတယ် စကခ ၁၅ ရှိတယ်။ အဲ့ဒီကနေ လှမ်းပစ်လိုက်တာ။ တလုံးတည်းပစ်လိုက်တာ။ လက်နက်ကျတော့ အကုန် တုန်ခါသွားတယ်။”လို့ ပြောပါတယ်။ ဒဏ်ရာရ ကျောင်းသားရဲ့ ဖခင်ဖြစ်တဲ့ ခမွေချောင်းကျေးရွာ ဦးကျော်သာခိုင်က “၈ နာရီလောက်မှာ ကျနော်ရွာနဲ့ သိပ်မဝေးတဲ့ နေရာမှာ တိုက်ပွဲဖြစ်တာရှိတယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျနော်တို့ရွာဘက်လှမ်းပြီးတော့ လှမ်းပြီးတော့ပစ်တယ်။ ဘယ်က ပစ်လိုက်တယ်ဆိုတာ ကျနော်တို့ သိတယ်။ အဲ့ဒီမှာ ၂၁ ယောက်လောက် ဒဏ်ရာရတယ်။ ကျနော်သား တယောက်ပါတယ်။ ကလေးငယ်တယောက်ကတော့ စိုးရိမ်ရတယ်။ ဒဏ်ရာပြင်းတယ်။”လို့ ပြောပါတယ်။ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင် ကျေးရွာမှာလည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၃ နာရီလောက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူ သုံးယောက်သေဆုံးခဲ့ပြီး နှစ်ယောက်ဒဏ်ရရှိခဲ့ပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ရမှာ ဖုန်းကိုင်ပေမယ့် ပြန်လည်တစုံတရာပြောဆိုတာ မရှိခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up