DVB Logo
Home
ဆောင်းပါး
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အလောသုံးဆယ်နိုင်တဲ့ ဥပဒေ
DVB
·
March 7, 2013
Donate to DVB

ပြည်တွင်းက စာနယ်ဇင်းအဖွဲ့တွေ၊ စာနယ်ဇင်းကောင်စီနဲ့ စာနယ်ဇင်းသမားတွေ အားလုံး ၀ိုင်းဝန်း ဆန့်ကျင်ကန့်ကွက်မှုတွေရှိနေတဲ့တိုင် ပြန်ကြားရေးဝန်ကြီးဌာနဟာ “ပုံနှိပ်သူများနှင့် ထုတ်ဝေရေးလုပ်ငန်း ဥပဒေမူကြမ်း” လွှတ်တော်ကို အလောသုံးဆယ် တင်လိုက်ပါပြီ။ ရှေ့ပိုင်းမှာ အရှက်တကြိမ်မက ၂ ကြိမ် ၃ ကြိမ် ကွဲခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ ဘာလို့ ဒီဥပဒေကြမ်းကို ကမူးရှူးထိုး၊ အလောသုံးဆယ် လွှတ်တော်ကို တင်ရတာပါလဲ။ လွှတ်တော်ကရော ဒီ ဥပဒေကြမ်းကို အတည်ပြုပေးနိုင်ပါ့မလား ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားပါမယ်။

တကယ်တော့ ရှိရှိသမျှ စာနယ်ဇင်းအဖွဲ့တွေ၊ ယာယီစာနယ်ဇင်းကောင်စီနဲ့ ပုံနှိပ်မီဒီယာ လုပ်နေတဲ့ စာနယ်ဇင်းသမားတွေ အားလုံး နလပိန်းတုံးတွေ မဟုတ်ပါဘူး။ ပြန်ကြားရေးကတင်တဲ့ ဥပဒေကြမ်းဟာ အရင် စစ်အစိုးရခေတ်တုန်းကလို ထုတ်ဝေခွင့်မပေးခင် စိစစ်ဖြတ်တောက် ပိတ်ပင်တဲ့နည်းကနေ ထုတ်ဝေခွင့်ကို ချုပ်ကိုင်ထားပြီး သတ်မှတ် စည်းကမ်းချက်နဲ့ မညီဘူးလို့ သူတို့ဘာသာ သူတို့ ဆုံးဖြတ်လိုက်တာနဲ့ ထုတ်ဝေခွင့် ပိတ်ပင်နိုင်တာတွေ အပါအ၀င် ငွေဒဏ်နဲ့ ထောင်ဒဏ် ချမှတ်နိုင်တဲ့ ဥပဒေ ဖြစ်တာမို့ ခုလို တရားမျှတမှုရှိရှိ ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ၁၉၆၂ ခုနှစ် ဥပဒေထက် ပိုဆိုးတာက အွန်လိုင်းအတွက် လုပ်မယ့် သတင်းအေဂျင်စီတွေကိုပါ မှတ်ပုံတင်ခိုင်းပြီး ဒီ ဥပဒေအောက် ဆွဲသွင်းလိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ကောင်းပါပြီ။ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တာဝန်ရှိသူတွေကရော ဒီ ဥပဒေကြမ်း ထုတ်ပြန်လိုက်ရင် စာနယ်ဇင်းသမားတွေ ၀ိုင်းပြီး ကန့်ကွက်မှာကို ကြိုမသိနိုင်ဘူးလား၊ တကယ်လို့ သိနိုင်တယ် ဆိုရင် ဘာကြောင့် ဇွတ် ပြဋ္ဌာန်းဖို့ ကြိုးစားရသလဲ ဆိုတာ ဆန်းစစ်ဖို့ လိုလာပါတယ်။ ဒီအတွက် ဒီကနေ့ ဘာတွေ ရေးသားပုံနှိပ် ထုတ်ဝေနေကြသလဲ ဆိုတာ လေ့လာကြည့်ဖို့ လိုပါတယ်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေဆိုရင် သတင်းနဲ့ ဆောင်းပါးတွေကို လွတ်လွတ်လပ်လပ်ကြီး ရေးသားနေပါပြီ။ အရင်က ဘယ်သူမှ စိတ်ကူးလို့တောင် မရနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်တာ၊ တပ်မတော်ရဲ့ အနေအထားကို ဆန်းစစ် သုံးသပ်ဝေဖန်တာ၊ သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့လုပ်ရပ်တွေကို ထောက်ပြတာ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ရဲ့ လုပ်ရပ်တွေကို ဝေဖန်တာ၊ ပြည်သူတွေ ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်း အရင်းအတိုင်း တင်ပြတာ လုပ်နေနိုင်ပြီ ဖြစ်ပါတယ်။

လုံးချင်းစာအုပ် ထုတ်ဝေမှု အပိုင်းမှာဆိုရင်လည်း စစ်အစိုးရရဲ့ လုပ်ရပ်တွေကို အပြင်းအထန် ဝေဖန်ထားတဲ့ ဆရာကြီး ဦးဝင်းတင်ရဲ့ ဘာလဲဟဲ့ လူ့ငရဲ။ စာအုပ်ပြုစုလို့ ဆိုပြီး ပြုစုသူရော ကူညီသူတွေကိုပါ ထောင်ချခဲ့တဲ့ ကိုအောင်ထွန်းရဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း။ ဦးနုရဲ့ တာတေစနေသား၊ ဒေါက်တာအောင်ခင်ရဲ့ မြန်မာ့ဒီမိုကရေစီ အလားအလာ စတဲ့ စတဲ့ အရင်တုန်းက နိုင်ငံပြင်ပမှာသာ ထုတ်ဝေနိုင်တဲ့ စာအုပ်တွေ အားလုံးလိုလို ဒီ ပြည်တွင်းမှာ ထုတ်ဝေလာတာ တွေ့နိုင်ပါတယ်။

ဂျာနယ်တွေမှာ ဆောင်းပါးရေးသူ၊ အင်တာဗျူးလုပ်သူနဲ့ စာအုပ်ရေးသူတွေထဲမှာ ဆိုရင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) က ရဲဘော်ဖိုးသံချောင်း၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သား စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော၊ ဦးမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ဘိုဘိုကျော်ငြိမ်းနဲ့ ကိုအောင်ဒင် စတဲ့ အတိုက်အခံ နိုင်ငံရေးသမားအားလုံးရဲ့ အာဘော်တွေကိုလည်း တွေ့နိုင်ပါတယ်။ ပြောရရင် အပတ်စဉ်ထုတ် သတင်းဂျာနယ်နဲ့ လုံးချင်းထုတ်ဝေမှု ၂ မျိုးဟာ သတင်းနဲ့ စာပေလွတ်လပ်ခွင့် ရာနှုန်းပြည့်ရနေတယ် ဆိုတဲ့ သဘောလို့တောင် ပြောနိုင်ပါတယ်။ မကြာခင်လည်း နေ့စဉ်ထုတ်သတင်းစာတွေ ထွက်လာပါဦးမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို အခြေအနေတွေကို အရင် စစ်ခေါင်းဆောင်တွေပဲ ကြီးစိုးထားတဲ့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုမှ သည်းခံနိုင်စွမ်း မရှိပါဘူး။ ဒီ အစိုးရအဖွဲ့ရဲ့ ဖိအားတွေကြောင့် ပြန်ကြားရေးဝန်ကြီးဌာနဟာ ဒီ ဥပဒေကြမ်းကို မျက်စိမှိတ်ပြီး လွှတ်တော်ကို တင်လိုက်တာ ဖြစ်ပုံရပါတယ်။

ဒီအတွက် ပြန်ကြားရေးဝန်ကြီးဌာနဟာ ဘာတွေ ပြင်ဆင်ထားပါသလဲ။ ဟုတ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနမှာ ၀ှက်ဖဲ ၂ ချပ် ရှိနေပါတယ်။ ပထမ၀ှက်ဖဲကတော့ ခေတ်အဆက်ဆက် အစိုးရနဲ့ နီးစပ်ခဲ့တဲ့ ဒေါက်တာတင်ထွန်းဦး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ “မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း” ဆိုတာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒီ အသင်းရဲ့ အစည်းအဝေးကို လာမယ့် မတ် ၈ ရက်နေ့မှာ ကျင်းပပြီး ပြန်ကြားရေးဌာနရဲ့ အဲဒီ ဥပဒေကြမ်းကို ထောက်ခံကြောင်း ပြသဖို့ လုပ်လာနိုင်ပါတယ်။ ဒါဆိုရင် ဒီ ဥပဒေကြမ်းကို သက်ဆိုင်ရာ ကာယကံရှင်တွေက လက်ခံတာပဲ ဆိုပြီး ဇွတ် မျက်စိမှိတ် အတည်ပြုဖို့ လုပ်လာနိုင်ပါတယ်။

နောက်ထပ် အရေးကြီး ၀ှက်ဖဲတချပ်ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဖြစ်ပါတယ်။ အခုနောက်ပိုင်း ဥပဒေ၊ နည်းဥပဒေ အတည်ပြုတာတွေနဲ့ ပတ်သက်ရင် သူရဦးရွှေမန်းဟာ အစိုးရအဖွဲ့နဲ့ လွှတ်တော်ပြင်ပမှာ ညှိနှိုင်းဆောင်ရွက်တတ်တယ်ဆိုတာ သူကိုယ်တိုင် ၀န်ခံထားပြီးဖြစ်သလို လက်တွေ့လည်း အဲဒီအတိုင်း ဆောင်ရွက်နေတာ တွေ့နိုင်ပါတယ်။ ဒီအတွက် ပြန်ကြားရေးဝန်ကြီးဟာ အစိုးရကိုယ်စား သူရဦးရွှေမန်းကို သွားရောက်ညှိနှိုင်းပြီး ဒီ ဥပဒေ အတည်ဖြစ်စေဖို့ တင်ပြနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီ ဥပဒေကို အတည်ပြုခြင်း၊ မပြုခြင်းဟာ စာနယ်ဇင်းကို လွတ်လပ်ခွင့် ပြုခြင်း၊ မပြုခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ဒီကနေမှ တဆင့် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ သူရဦးရွှေမန်းခေါင်းဆောင်တဲ့ လွှတ်တော် ၂ ရပ်ဟာ နိုင်ငံရေးအပြောင်းအလဲကို တကယ် လုပ်နေကြတာလား၊ ဟန်ပြလုပ်နေတာလား ဆိုတာကို သက်သေပြမယ့် နမူနာ တခု ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013