Home
မြန်မာသတင်း
ညောင်လေးပင်တွင် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပဲပြုတ်နံပြားကျွေး
DVB
·
February 13, 2020
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်မနက်က ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကျောင်းသား/ကျောင်းသူ တွေ ပရဟိတအဖွဲ့တွေ တက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီး ပဲပြုတ်နဲ့ နံပြား ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား အနစ်နာခံခဲ့တာတွေကို မျိုးဆက်သစ်လူငယ်တွေ အမြဲတမ်းအမှတ်ရစေဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်နဲ့ အကျင့်ကောင်းတွေကို အတုယူတတ်စေဖို့စတဲ့ ရည်ရွယ်ချက်နဲ့ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ကြိုက်နှစ်သက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ရတာဖြစ်တယ်လို့ ဦး​ဆောင်​ပြုလုပ်သူ ဦးမျိုးမင်းက ပြောပါတယ်။ ‘ကြည်ရေ... ပဲပြုတ်နဲ့ နံပြားရရင်စားချင်တယ်’ ဆိုတဲ့စကားဟာ သိပ်ချစ်စရာကောင်းတဲ့ အသုံးအနှုန်းဖြစ်ပြီး ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပေမယ့် အမိန့်သံမပါဘဲ ရရင်စားချင်တယ်ဆိုတဲ့ စကားသုံးသွားတာဟာ ဗိုလ်ချုပ်ရဲ့ နူးညံ့တဲ့နှလုံးသားကို မြင်မိကြမှာဖြစ်ပြီး ဗိုလ်ချုပ်ကို လေးစားချစ်ခင်တာကြောင့် ဗိုလ်ချုပ်မွေးနေ့မှာ သူသိပ်ကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွေးမွေးလှူဒါန်းရတာ”  ဗိုလ်ချုပ်​​​အောင်ဆန်းမွေး​နေ့အထိမ်းအမှတ် ဗိုလ်ချုပ်ရုပ်တုရှေ့မှာ ဗိုလ်ချုပ်ကြိုက်နှစ်သက်တဲ့ ပဲပြုတ်နဲ့ နံပြားချပ် ၂၀၀၀ ကျော်ကို ကျွေးခဲ့တာမှာ မြို့​ပေါ်ရှိ ဌာနဆိုင်ရာ​တွေ၊ အရပ်ဘက်အဖွဲ့အ စည်း​တွေ၊​ ကျောင်းသား/​ကျောင်းသူ​၊ ​ဒေသခံ​ပြည်သူ​တွေ တက်​ရောက်ခဲ့​ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ နက်မောက်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၄၇ ခုနှစ် ဇူလှိုင် ၁၉ ရက်နေ့မှာ မသမာသူတွေရဲ့ လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ရပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဆိုရင် ဗိုလ်ချုပ်မွေးနေ့ဟာ ၁၀၅ ပြည့်သွားပြီ ဖြစ်ပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024