A d v e r t i s e m e n t With Us

မင်းဘူး(စကု)မြို့နယ်တွင် တောမီးကတဆင့် မီးကူးဆက်လောင်၊ အိမ်ခြေ ၇၀ ခန့်ဆုံးရှုံး

မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာအုပ်စုထဲက အိုးပြင်မဲကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီလောက်က တောမီးကတဆင့် ကူးစက်ပြီး လူနေအိမ်ခြေ ၇၀ ဝန်းကျင်ခန့် မီးလောင်ကျွမ်းဆုံးရှုံးသွားတယ်လို့ မကွေးတိုင်း မီးသတ်ဦးစီးဌာနက သိရပါတယ်။ တောမီးလော​င်​ကျွမ်းရာကနေ အိုးပြင်မဲကျေးရွာနေ ဦးတင်ရွှေ (အသက် ၅၂) ပိုင် သက်ကယ်မိုး၊ ဝါးထရံကာ နွားတင်းကုတ်ပေါ် မီးပွားကျရောက် ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ တိုင်းမီးသတ်တပ်ဖွဲ့ တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်က ပြောပါတယ်။ “စလောင်တာက ညနေ ၅ နာရီလောက်ကပါ။ ကျနော်ဦးဆောင်ပြီး တိုင်းမီးသတ်ကားနဲ့ တပ်ဖွဲ့ဝင်တွေ၊ မင်းဘူးခရိုင်မြို့နယ်၊ စကု၊ ရွှေစက်တော်မီးသတ်ကားတွေ တပ်ဖွဲ့ဝင်တွေ ခက်ခက်ခဲခဲ မီးငြှိမ်းသတ်ရပါတယ်။ ရွာက လမ်းမ ၁ ခုပဲ ရှိတယ်။ မီးသတ်ကားတွေ ဝင်ရခက်တယ်။ ရောက်လာတဲ့ မီးသတ်ကားတွေ၊ ဒေသခံပြည်သူတွေ ကြိုးစားပမ်းစား ဝိုင်းငြှိမ်းသတ်ခဲ့ရပါတယ်” မီးလောင်တဲ့နေရာက ဆည်တော်အပန်းဖြေစခန်းနဲ့ နီးတာကြောင့် ဒေသခံတွေရော၊ အပန်းဖြေလာကြတဲ့သူတွေပါ ထိန့်လန့်တကြားဖြစ်ခဲ့ရတယ်လို့ ဆည်တော်ရောက်နေတဲ့ ပွင့်ဖြူမြို့က ဦးကိုကိုဦးက ပြောပါတယ်။ ညနေ ၆ လောက်မှာ မီးထိန်းနိုင်ခဲ့ကာ လက်ရှိအချိန်မှာ မီးကြွင်း၊မီးကျန်တွေကို ဆက်လက် ငြှိမ်းသတ်နေတယ်လို့ မင်းဘူးခရိုင်မီးသတ်တပ်ဖွဲ့ ခရိုင်မီးသတ် ဦးစီးမှူး ဦးထွန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ အိုးပြင်မဲ‌ကျေးရွာမှာ အိမ်ခြေ ၁၈၀ လောက်ရှိပြီး  မီးလောင်ကျွမ်းမှုကြောင့် ကနဦးပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်လောက်ရှိနိုင်​တယ်လို့ ခန့်မှန်းထားပါတယ်။  လူ၊ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရရတာ၊ သေတာပျောက်တာ မရှိပါဘူး။ သတင်း- တင်ရွှေ(မင်းဘူး)၊ ဓါတ်ပုံ - ဦးကျော်စွမ်းရည်

A d v e r t i s e m e n t With Us

More News
Up