DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် စစ်သားတစုက လူငယ်တဦးကို ၀ိုင်းရိုက်
DVB
·
March 6, 2013
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့က စားသောက်ဆိုင်တခုမှာ မတ်လ ၅ ရက်ညက စစ်ဗိုလ်တဦးနဲ့ စစ်သားတစုက လူငယ်တဦးကို ၀ိုင်းရိုက်ခဲ့ကြပါတယ်။

မြင်းခြံမြို့က ကောင်းကောင်း စားသောက်ဆိုင်မှာ မင်္ဂလာဦးညစာ ၀ိုင်းဖွဲ့ စာေးသာက်နေကြတဲ့ လူငယ်တစုနဲ့ အဲ့ဒီဆိုင်မှာ လာရောက်စားသောက်နေတဲ့ တပ်မတော်အရာရှိ ၂ ဦးတို့ စကားများကြပြီး၊ မကြာခင်မှာ စစ်ဗိုလ်တဦးနဲ့ စစ်သားတစုတို့ ကားနဲ့ရောက်လာပြီး ၀င်ရိုက်ကြပုံကို အခင်းဖြစ်တဲ့နေရာမှာရှိနေတဲ့ လူငယ်တဦးက အခုလို ပြောပါတယ်။

“၁၀ နာရီခွဲလောက်မှာဖြစ်တာ။ ၅ ယောက်က ၀ိုင်းချုပ်ပြီး ထိုးတယ်။ ဗိုလ်ကြီးဆိုသူက လာလာချင်း ခြေထောက်နဲ့ကန်တာ။ စစ်တပ်ဝတ်စုံတွေနဲ့လာပြီး ရှေ့မှာလည်း ဘယ်သူမှ ၀င်လာလို့မရအောင် အစောင့်ချထားတယ်။ အတွင်းမှာလည်း ၀ိုင်းဆော်ပြီးတော့ လူဆိုးဂိုဏ်းက လူဆိုးတွေ ပုံစံဆန်ဆန်နဲ့ မင်းတို့မိုက်လားဆိုပြီးမေးတဲ့ ပုံစံတွေပေါ့။ ကျနော်တို့ တကယ်ကြောက်ပါတယ်။ အခုမှ တကယ်ကြုံဖူးတာ။ ကျနော်တို့ ၀င်လဲမဆွဲရဲ၊ ၀င်လဲမတောင်းပန်ရဲဖြစ်တယ်။ ၅ ယောက်က ယူနီဖောင်းတွေနဲ့။ ဗိုလ်ကြီးတွေကတော့ ယူနီဖောင်းနဲ့ မဟုတ်ဘူး။ ဗိုလ်ကြီး ဇေယျာဖြိုးဆိုတဲ့သူက ရောက်လာလာချင်း အင်္ကျီအဖြုနဲ့ကောင်လေးကို စကန်လိုက်တာ ဆိုင်ကယ်ရော၊ လူရောလွင့်သွားတယ်။ မိုက်တယ်ဆိုတာ ငါတို့ကရှေ့တန်းမှာ ဘယ်လိုဘယ်ညာဆိုပြီး။ နှိပ်စက်တာပေါ့ဗျာ။ ကျနော်တို့လည်း သူငယ်ချင်းကို ၀ိုင်းမဆွဲရဲဘူး ဒီတိုင်းထိုင်ကြည့်နေရတယ်။ ပုံစံထိုင်ထိုင်ခိုင်းပြီးတော့လေ။ ရာဇ၀တ်သားတယောက်လို။”

အရိုက်ခံရတဲ့ လူငယ် ကိုဇော်ထူးဟာ နှာခေါင်းသွေးထွက်ပြီး ဖူးယောင်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ပြောပါတယ်။

ကိုဇော်ထူးရဲ့ ဖခင်ဖြစ်သူ ဦးဇော်မြင့်က ရဲစခန်းမှာ ဒီနေ့အမှုဖွင့်ဖို့ လုပ်ခဲ့ပေမယ့် ၀ိုင်းရိုက်သူတွေ လာတောင်းပန်မယ်ဆိုတဲ့အတွက် အမှုမဖွင့်ဖြစ်သေးဘူးလို့ ပြောပါတယ်။

“စခန်းတွေဘာတွေသွားပြီး အမှုဖွင့်မလို့သွားတယ်။ ဒီနေ့ ညနေ ၅ နာရီလောက်မှာ ဒဏ်ရာရအောင်လုပ်တဲ့လူတွေ အဖွဲ့လိုက်၊ ဗိုလ်မှူးတွေရောဘာရော ၆-၇ ယောက်လောက် အိမ်လာပြီး ကျေနပ်အောင်တောင်းပန်မယ်ဆိုတော့ ကျနော်လည်း ဗုဒ္ဓဘာသာလူမျိုးတယောက်အနေနဲ့ နည်းနည်းခွင့်လွှတ်လိုက်တယ်။ အမှုကို ဖွင့်လည်းမဖွင့်ခဲ့ဘူး ပိတ်လည်းမပိတ်ခဲ့သေးဘူး။ ညနေပြောတဲ့အတိုင်း မလာရင်တော့ ၀တ္တရားရှိတဲ့အတိုင်း ဒါဟာ ဥပဒေမဲ့လုပ်တာဖြစ်လို့ အမှုဖွင့်ရမယ်။”

မြင်းခြံမြို့ ခမရ ၁၅ တပ်ကို ဆက်သွယ်မေးမြန်းရာမှာ ဗိုလ်ကြီး အောင်လတ်စိုးက ပြေလည်သွား ပါပြီလို့ ပြောပါတယ်။

“အဲကိစ္စက အားလုံးပြေလည်သွားပါပြီ။ မိသားစုတွေနဲ့လည်း ပြေလည်သွားပါပြီ။ ဖြစ်သွားတာကလည်း လူငယ်အချင်းချင်း ဖြစ်ကြတာဆိုတော့ မိသားစုချင်းချင်း ရှင်းလိုက်တာ ပြေလည်သွားပါပြီ။”

မြင်းခြံ ခမရ ၁၅ တပ်ဟာ အခုလိုမျိုး အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ လုပ်လေ့ရှိပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း ပဋိပက္ခ ဖြစ်ဖူးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြင်းခြံတွင် စစ်သားတစုက လူငယ်တဦးကို ၀ိုင်းရိုက်