Live
Home
မြန်မာသတင်း
မြန်မာဖေ့စ်ဘွတ်ခ်အကောင့် ၁၃ ခုနှင့် စာမျက်နှာ ၁၀ ခုဖယ်ရှားခံရ  
DVB
·
February 13, 2020
စစ်မှန်မှုမရှိတဲ့ စည်းကမ်းချိုးဖောက်တဲ့ မြန်မာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အကောင့် ၁၃ခုနဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ ၁၀ခုကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကနေ ဖယ်ရှားလိုက်ပါတယ်။ မြန်မာနဲ့ ဗီယက်နမ်မှာ အခြေစိုက်ကာ အွန်လိုင်းပေါ်မှာ မြန်မာပြည်ကို ဦးတည်ပြီး အုပ်စုဖွဲ့ မမှန်မကန်လုပ်ဆောင်မှုတွေရှိနေတယ်ဆိုပြီး အကောင့် Follower ၂၆၅,၆၀၀ လောက်ရှိတဲ့ စာမျက်နှာတွေကို ဖယ်ရှားလိုက်တာလို့  ဖေ့စ်ဘွတ်ခ် ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆိုပါ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ အမေရိကန် ဒေါ်လာနဲ့ ဗီယက်နမ်ဒေါင်း ငွေတွေနဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ကြော်ငြာဖိုးတင် ဒေါ်လာ ၁,၁၅၅,၀၀၀  လောက်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။  တယ်လီကွန်းနဲ့ သက်ဆိုင်တဲ့ စာမျက်နှာတွေကို အကောင့်တုတွေနဲ့ ဖန်တီးကွပ်ကဲပြီး ဈေးကွက်တွင်းမှာရှိတဲ့ တခြားတယ်လီကွန်းတွေနဲ့ တခြားအသုံးပြုသူတွေကို ထိုးနှက်တိုက်ခိုက်တာ၊ စီးပွားရေးသတင်းအချက်အလက်အမှားတွေကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ပြန်တာ၊ ကိုယ်အားပေးတဲ့ တယ်လီကွန်းတခုရဲ့ ပရိုမိုးရှင်းအချက်အလက်တွေကို ဇောင်းပေးပြီး သုံးစွဲသူတွေကို ဝေဝါးစေတာစတဲ့ မသမာတဲ့ ဈေးကွက်ကစားမှုလုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိကျုးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီဖေ့စ်ဘွတ်ခ်စာမျက်နှာတွေနဲ့ အကောင့်တွေဟာ တခုနဲ့တခု မသက်ဆိုင်သလို အယောင်ဆောင်ထားပေးပေမယ့် အုပ်စုဖွဲ့လှုပ်ရှားနေတာ ပေါ်လွင်ပြီး ဖေ့စ် ဘွတ်ခ်ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ တယ်လီကွန်းကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ မြန်မာပြည်က My Tel ၊ ဗီယက်နမ်ကာကွယ်ရေးဌာနပိုင် VietTel ကုမ္ပဏီတွေအပြင် ဗီယက်နမ်အခြေစိုက် ဆက်သွယ်ရေးဆိုင်ရာ PR ကုမ္ပဏီကြီးတစ်ခုနဲ့ပါ ဆက်စပ်ပတ်သက်မှုတွေ ရှိနေတယ်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ၄ ခုမြောက် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MyTel မှာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)က ရှယ်ယာ ၂၈ ရာခိုင်နှုန်း ပါဝင်နေပါတယ်။  ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်တုန်းကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာအပါအဝင် တပ်မတော်နဲ့ ဆက်စပ်နေတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ  ၄၂၅ ခုကို ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက ဖယ်ရှားခဲ့ပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024