DVB Logo
Home
မေးမြန်းခန်း
အန်အယ်လ်ဒီ ညီလာခံ ကိုယ်စားလှယ် ၄ ဦး ရပ်နားခံရ
DVB
·
March 6, 2013
အန်အယ်လ်ဒီ ညီလာခံ ကိုယ်စားလှယ် ၄ ဦး ရပ်နားခံရ
Donate to DVB

လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံမှာ တက်ရောက်မယ့် ဗဟိုညီလာခံကိုယ်စားလှယ် ၄ ဦးကို ညီလာခံကိုယ်စားလှယ် အဖြစ်ကနေ ရပ်စဲလိုက်ကြောင်း ညီလာခံကျင်းပရေး ဗဟိုကော်မရှင်က ကြေညာပါတယ်။

သူတို့ ၄ ဦးဟာ အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲပျက်စီးစေမယ့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုတွေ ပြုလုပ်ကြောင်း ခိုင်လုံတဲ့ သတင်းရရှိထားတဲ့အတွက် ဖြစ်တယ်လို့ ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က ထုတ်ပြန်ပါတယ်။

အဲဒီ ၄ ဦးကတော့ အန်အယ်လ်ဒီပါတီက ရန်ကုန်တိုင်း လမ်းမတော် မြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ရွှေပြည်သာ မြို့နယ်က ဦးသန့်ဇင်၊ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်နဲ့၊ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က ဒေါ်မိမိကြီးတို့ ဖြစ်ပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ကြေညာချက်မှာ ဖော်ပြခြင်းမရှိပါဘူး။

ဒီဆုံးဖြတ်ချက်ကို ကော်မရှင်က ညီလာခံကျင်းပဖို့ ၃ ရက်အလို ဒီလ ၄ ရက်နေ့မှာ ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကို ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။
ဒီရပ်စဲမှုနဲ့ ပတ်သက်လို့ ညီလာခံကျင်းပရေးဗဟိုကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို မေးမြန်းထားပါတယ်။

ကိုယ်စားလှယ်တွေကို ဘာကြောင့် ရပ်နားထုတ်ပယ်လိုက်တာလဲ။

“အခု နိုင်ငံလုံးဆိုင်ရာ ညီလာခံနဲ့ ပတ်သက်ပြီးတော့ ရည်ရွယ်ချက်ပျောက်သွားအောင် စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဒါမှမဟုတ်ရင် ဘယ်သူ့ကို မဲမပေးနဲ့၊ ဘယ်သူ့ကို မဲပေးပါ။ အဲဒါကို လုပ်ခွင့်မရှိပါဘူး။ မိမိတို့ တဦးချင်း ညီလာခံကိုယ်စားလှယ်တွေရဲ့ လွတ်လပ်စွာ မဲပေးခွင့်ကို ထိခိုက်အောင် မလုပ်ရဘူးလို့ ကျနော်တို့ ညွှန်ကြားထားပါတယ်။ ဒါတွေ ထိခိုက်လာအောင် လုပ်တယ်လို့ အထောက်အထားတွေ ရတဲ့အတွက် ကျနော်တို့  ထုတ်ပယ်လိုက်တာပါ။”

ဘယ်သူ့ကို မဲပေးခြင်း၊ မပေးခြင်းဆိုတာတွေက ဒီမိုကရေစီနိုင်ငံတွေမှာ ရှိနေတာပဲမဟုတ်လား။

“ရှိတယ်ဆိုတာက မိမိတို့ရဲ့ သဘောဆန္ဒကို ထုတ်ဖော်ခွင့်ရှိတယ်။ ဒါပေမယ့် ဟိုလူ့ကို မဲမပေးနဲ့လို့ စည်းရုံးခွင့် မရှိဘူး။ သူ့ကိုပဲ ပေးပါလို့ စည်းရုံခွင့်မရှိဘူး။ တဦးချင်းရဲ့ လွတ်လပ်စွာ ပြောဆိုတာကို ကျနော်တို့ ဘာမှမပြောပါဘူး။ မတူဘူး အဓိပ္ပာယ်က။”

အခု အရေးယူတဲ့ ၄ ယောက်က အန်ကယ်တို့ဆီမှာ အထောက်အထားအားဖြင့် ခိုင်ခိုင်မာမာရှိနေတယ်ပေါ့။ တဖက်ကလည်း သတင်းစာရှင်းလင်းပွဲတွေ လုပ်နေလို့။

“ကျနော်တို့မှာ လုံလောက်တဲ့ အထောက်အထားရှိပါတယ်။”

ကျန်တဲ့ နယ်တွေမှာရော ဒီလိုအရေးယူတာမျိုး နောက်ဆက်တွဲတွေ ရှိနိုင်ပါသေးလား။

“လောလောဆယ်တော့ မရှိဘူး။ ဒါပေမယ့် ဒီလိုမျိုးလုပ်ရင်တော့ ကျနော်တို့ အရေးယူရမှာပဲ။”

ပထမဆုံး ညီလာခံဆိုတော့ အရေးယူတာက တကယ့်လူဟောင်းတွေလို့ ပြောရတဲ့ သူတွေလည်း ပါတယ်ဆိုတော့ ဒါတွေကြောင့် ညီလာခံနဲ့ပတ်သက်ပြီး ထိခိုက်မှုတွေ ရှိနိုင်မလား။

“အခုဟာက လူဟောင်းလည်း ပါတယ်၊ လူသစ်လည်း ပါတယ်။”

ဒီ ၄ ယောက် ထုတ်ပယ်တာနဲ့ ပတ်သက်ပြီး ဘာပြောစရာရှိဦးမလဲ ခင်ဗျ။

“ကျနော်တို့က ပထမဆုံးအကြိမ်ညီလာခံမှာကတည်းက အုပ်စုဖွဲ့ ရွေးချယ်မှုမျိုးလက်မခံနိုင်ပါဘူး။ ဒီဟာအခြေခံနဲ့ အခုလို အရေးယူတာဖြစ်ပါတယ်။”

ညီလာခံနဲ့ပတ်သက်လို့ နောက်ဆုံးပြင်ဆင်မှုအခြေအနေတွေလည်း သိပါရစေ။

“သန်ဘက်ခါပဲ ကျင်းပတော့မှာဆိုတော့ အားလုံးပြီးစီးသလောက်နီးနီး ဖြစ်နေပါပြီ။ အချောကိုင်စရာတွေတော့ ရှိတယ်။ အကြမ်းထည်တွေတော့ ပြီးပါပြီ။ နေရာထိုင်ခင်းပြီးပြီ။ အစီအစဉ်တွေလည်း ပြီးနေပါပြီ။ နယ်ကကိုယ်စားလှယ် ပုဂ္ဂိုလ်တွေလည်း ရောက်နေကြပါပြီ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013