DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးပွဲပြန်စမည်
DVB
·
March 6, 2013
ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးပွဲပြန်စမည်
Donate to DVB

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ရှေ့အပတ်ထဲ တွေ့ဆုံဆွေးနွေးမှု ပြန်စတော့မှာဖြစ် ပါတယ်။

မတ်လ ၁၁ ရက်နေ့ကျရင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံကြမယ်လို့ ကေအိုင်အေ   ပြောရေးဆိုခွင့်ရှိသူ  ဦးလနန်က ပြောပါတယ်။

[caption id="attachment_37138" align="alignleft" width="255" caption="၂၀၁၂ ခုနှစ် မတ်လ ၈ ရက်နေ့က ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ်"][/caption]

“၁၁ ရက်နေ့ စမယ်။ ခေါင်းစဉ်တွေပေါ်မူတည်ပြီး ရက်တွေက လိုရင်လိုသလို တိုးသွားမယ်။ အခုတွေ့ဆုံမှုက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အဆင့်လို့တော့ ပြောလို့မရသေးဘူး။ အကြိုညှိနှိုင်းမှုလို့ ပြောရမယ်။ နိုင်ငံရေးဆွေးနွေးမှုရောက်ဖို့ ထပ်ညှိနှိုင်းဖို့ရာ လုပ်ရဦးမယ် ဆိုတော့ စောင့်ကြည့်ရဦးမယ်။ ဖေဖော်ဝါရီလမှာ တွေ့ဆုံခဲ့တုန်းက ပြောဆိုဆွေးနွေးခဲ့တဲ့ နောက်ဆက်တွဲတွေကိုလည်း လိုအပ်ရင် ဆက်ပြောဆိုဖို့တော့ ရှိတယ်။”

ဆွေးနွေးပွဲမှာ ဘယ်သူတွေပါမလဲဆိုတာတော့ ရက်နီးလာမှပဲ ထုတ်ဖော်ပြောကြားနိုင်မယ်လို့ ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရဟာ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ၄ ရက်နေ့ကလည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး  အဲဒီဆွေးနွေးပွဲမှာ စစ်ရေး အရှိန်တွေ လျှော့ချမယ်လို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့်  တိုက်ပွဲငယ်တွေ ပြန်ဖြစ်နေတာ၊ အစိုးရတပ်ဘက်က တပ်တွေ နောက်ဆုတ်သွားတာမရှိဘဲ တပ်အလဲအလှယ် လုပ်တာနဲ့ စစ်စခန်းတွေ ပြင်ဆင်ဆောက်လုပ်နေတာတွေ တွေ့နေရတဲ့အတွက် စစ်ရေးကိစ္စလည်း ထပ်ဆွေးနွေးဖွယ်ရှိတယ်လို့ ဆိုပါတယ်။

“စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းတွေ အများကြီး ရှေ့တန်းမှာ လှုပ်ရှားနေသေးတာတွေ့ရတော့ ထိုးစစ်ရှိသေးတယ်ဆိုတာမျိုးပါ။ ဒါကြောင့် စစ်ရေးလှုပ်ရှားမှု အရှိန်ကတော့ လျော့မလာသေးဘူး။ တိုက်ပွဲကတော့ အရေအတွက်လျော့သွားတယ်။ ဒီကိစ္စပြေလည်ဖို့ကတော့ ထိုးစစ်ဆင်တာအားလုံးကို ရုပ်ရမယ်။ ထိုးစစ်ရပ်ဖို့ ဆိုရင် ကချင်ပြည်ကို ရောက်နေတဲ့တပ်တွေ ပြန်ခွာဖို့ အရေးကြီးတယ်။”

ဒီဆွေးနွေးပွဲမှာ လိုက်ပါသွားမယ့် ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဆန်အောင်ကတော့  ဒီတကြိမ်တွေ့ဆုံမှုမှာ  မူတခုချမှတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ဒီတခါတော့ အစိုးရဘက်ကရော၊ ကေအိုင်အိုဘက်ကရော လူနည်းနည်းစုံလောက်မယ်ဆိုရင်တော့ မူတခုချနိုင်တဲ့အထိ ဆွေးနွေးနိုင်မယ်လို့တော့ ထင်တယ်။ ရှေ့ဆက်ပြီး နိုင်ငံရေးဆွေးနွေးဖို့ မူတခုချနိုင်တယ်ဆိုရင်တော့ နောက်နောင် ဆွေးနွေးပွဲတွေက ပြည်တွင်းမှာဖြစ်လာနိုင်တယ်ဆိုတော့ အရမ်း အရေးကြီးတဲ့ဆွေးနွေးပွဲလို့ ထင်ပါတယ်။”

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဆွေးနွေးနေတဲ့ ဖြစ်စဉ်အကြောင်းတွေနဲ့ ပတ်သက်ပြီး  ကေအိုင်အို အရာရှိ၊ အရာခံတပ်သားတွေကြား ရှင်းလင်းပွဲတရပ်ကိုလည်း ဌာနချုပ်လိုင်ဇာမှာ မတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရကြားမှာ နှစ်ဘက်အဖွဲ့တွေပဲ တွေ့ဆုံတာမျိုးမဟုတ်ဘဲ နိုင်ငံတကာကနေ စောင့်ကြည့်ရေး ဒါမှမဟုတ် သက်သေအဖြစ် ပါဝင်ဖို့ အရေးကြီးကြောင်းလည်း  တပ်တွင်းရှင်းလင်းပွဲမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ   ပြန်ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ပစ်ခတ်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးဆွေးနွေးဖို့အတွက် ကေအိုင်အိုနဲ့ အစိုးရကြား အလွတ်သဘောအနေနဲ့ရော၊ တရားဝင်ပါ တွေ့ဆုံဆွေးနွေးခဲ့တာ ၇ ကြိမ်ရှိပြီဖြစ်ပေမယ့် ပစ်ခတ်မှုတွေ မရပ်စဲနိုင်သေးသလို နှစ်ဘက်ကြား တိကျတဲ့ သဘောတူချက်တွေ လက်မှတ်မထိုးနိုင်သေးပါဘူး။

ကေအိုင်အိုဟာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာဖို့ အစိုးရနဲ့ ညှိနှိုင်းပြောဆိုနေပေမယ့် တကယ်တမ်း နိုင်ငံရေးဆွေးနွေးတဲ့ အခါမှာတော့ ကေအိုင်အိုတဖွဲ့တည်းနဲ့ မဟုတ်ဘဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အနေနဲ့ ဆွေးနွေးမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013