Home
မြန်မာသတင်း
ကျောက်ဆည်မြို့နယ်တွင် ကျပ်သိန်း ၄၂၀၀၀ တန်ဖိုးရှိ ပိုင်ရှင်မဲ့မူးယစ်ဆေးများတွေ့ရှိ
Aung Aung Naing
·
February 12, 2020
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်းက ရဲတပ်ဖွဲ့ကလှည့်ကင်းဆောင်ရွက်နေချိန်မှာ ပြည်ပန်းကျေးရွာအနီးရှိ မြို့ရှောင်လမ်းပေါ်မှာ မသင်္ကာဖွယ် ဟိုင်းလပ်ကားတစ်စီးကို စစ်ဆေးရာမှာ ကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော်တန်ဖိုးရှိတဲ့မ မူးယစ်ဆေးတွေ ဖမ်းဆီးရမိပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ဟိုင်းလပ်အဖြူရောင်ယာဉ်နောက်ခန်းအတွင်းမှာ ဘိန်းဖြူ ဆပ်ပြာခွက်တွေ ထည့်ထားတဲ့အစိမ်းရောင် ပီနန်အိတ် ၆ အိတ် ယာဉ်မောင်းသူနောက်ခန်းအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ထည့်ထားတဲ့အဝါရောင် ပီနန်အိတ် ၂ အိတ်ကို ထပ်မံတွေ့ရှိခဲ့ တယ်လို့ ကျောက်ဆည်ရဲတပ်ဖွဲ့က သိရပါတယ်။ အဆိုပါဟိုင်းလပ်ကားနဲ့ပေ ၁၀၀ လောက်အကွာရှိတဲ့ လမ်းယာဘက် ချုံပုတ်အတွင်းထဲမှာ ဘိန်းဖြူဆပ်ပြာခွက်တွေ ထည့်ထားတဲ့အစိမ်းရောင် ပီနန်အိတ် ၄ အိတ် အဝါရောင်ပီနန်အိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား အိတ်ပိုင်းတပိုင်းနဲ့အတူ ကားရဲ့ ယာဘက်ဘေးအနီး ချုံပုတ် အတွင်းထဲမှာလည်း အဝါရောင် ပီနန်အိတ်တွေနဲ့ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၃ အိတ်တို့ကိုလည်း ထပ်မံတွေ့ရှိပါတယ်။ ယာဉ်မောင်းခန်းအတွင်းက ဒက်စဘုတ်ပေါ်မှာ ဖမ်းဆီးရမိတဲ့ ယာဉ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအထောက်အထားတွေကိုလည်း တွေ့ရှိခဲ့တာကြောင့်လိပ်စာပါအတိုင်း လိုက်လံစုံစမ်းနေတယ်လို့  ကျောက်ဆည်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးတွေကို ရဲစခန်းကို သယ်ယူစစ်ဆေးရာမှာ ပီနန်အိတ်အတွင်းက တခွက်ကို ဘိန်းဖြူလို့ယူဆရတဲ့ ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၁၀ ဂရမ်ခန့်ပါရှိတဲ့ ရောင်စုံ ဆပ်ပြာခွက် ၂၂၀(အလေးချိန် ၂၂၀၀ ဂရမ်)နဲ့အတူ စုစုပေါင်း ပီနန်အိတ် ၁၀ အိတ် အလေးချိန် ၂၂ ကီလိုခန့် တကီလို ကျပ်သိန်း ၇၀၀ နှုန်းနဲ့ ကျပ်သိန်း ၁၅၄၀၀ ကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ ပြောပါတယ်။ ထပ်မံရှာဖွေရာ အဝါရောင်ပီနန်အိတ်အတွင်းက တစ်အိတ်လျှင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခန့်စီပါတဲ့အိတ် ၅ အိတ်နဲ့ ဆေးပြား ၄၉၀၀၀ပါရှိတဲ့ အိတ်ပိုင်းတစ်ပိုင်းစုစုပေါင်းဆေးပြား ၅၄၉၀၀၀ ခန့် တစ်ပြားကို ငါးထောင်ကျပ်နှုံးနဲ့ကာလတန်ဖိုး ၂၇၄၅၀ ကို စစ်ဆေးတွေ့ရှိ ခဲ့တာကြောင့် နှစ်မျိုးပေါင်းလျှင် ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၄၂၈၅၀ တန်ဖိုးရှိပါတယ်။ မူးယစ်ဆေးဝါးတွေ တင်ဆောင်ထားတဲ့ကားပိုင်ရှင်နဲ့ တရားခံကိုဖမ်းမိဖို့ အနီးဝန်းကျင်ရှိ ကျေးရွာတွေကို စုံစမ်းရှာဖွေဆဲဖြစ်တယ်လို့ ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ မူးယစ်ဆေးဝါးများဖမ်းဆီးရမိတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောက်ဆည်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉(က)နဲ့ အမှုဖွင့် ဆောင်ရွက်နေပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024