DVB Logo
Home
မြန်မာသတင်း
ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သမ္မတ တောင်းဆို
DVB
·
March 6, 2013
ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သမ္မတ တောင်းဆို
1 / 2
Donate to DVB

ဥရောပနိုင်ငံတွေက  မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က အီးယူ ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ  တောင်းဆိုလိုက်ပါတယ်။

ဥရောပ ၅ နိုင်ငံကို လှည့်လည် ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မတ် ၅ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိခဲ့ပြီး ဥရောပအကြီးအကဲတွေနဲ့ တွေ့ဆုံချိန်မှာ ပိတ်ဆို့ အရေးယူမှုတွေနဲ့ မြန်မာနိုင်ငံအပေါ် နှစ်စဉ် လူ့အခွင့်အရေး အဆိုတင်သွင်းမှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့တာပါ။

“အီးယူအနေနဲ့ မြန်မာ့ပို့ကုန်တွေအပေါ်မှာ ဂျီအက်စ်ပီ (အကောက်ခွန်ကင်းလွတ်ခွင့် အစီအစဉ်) အခွင့်အရေးများ စောလျင်စွာပြန်လည်ပေးအပ်နိုင်ရေး၊ နောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ ဒါတွေကို အပြီးတိုင်ရုပ်သိမ်းရေးနဲ့ အီးယူဟာ မြန်မာနိုင်ငံနဲ့စပ်လျဉ်းတဲ့ နှစ်စဉ် လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်းတင်သွင်းမှုကို ရပ်စဲပေးရေးတို့ ဒါတွေနဲ့ပတ်သက်လို့လည်း ဥက္ကဋ္ဌကြီးကို တိုက်တွန်းပြောကြားပါတယ်။”

မြန်မာအပါအ၀င် ဖွံ့ဖြိုးမှုအနည်းဆုံး (LDC) နိုင်ငံတွေဟာ စက်မှုနိုင်ငံကြီးတွေဆီကနေ ကုန်သွယ်မှု မြင့်မားလာစေဖို့အတွက် ပို့ကုန်ဆိုင်ရာ မျက်နှာသာပေးတဲ့ အထူးအခွင့်အရေး (ဂျီအက်စ်ပီ) ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကြောင့် ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံအတွက် ခွင့်ပြုထားတဲ့ အထူးအခွင့်အရေး (ဂျီအက်စ်ပီ) ကို ၁၉၉၇ ခုနှစ်မှာ ရုပ်သိမ်းထားတာပါ။

အီးယူက ဂျီအက်စ်ပီ အထူးအခွင့်အရေးကို ရုပ်သိမ်းထားတဲ့အတွက် ပို့ကုန်အပေါ် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းထိ ကောက်ခံနေတာကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ မထိုးဖောက်နိုင်ဘဲ ဖြစ်နေရသလို ဂျီအက်စ်ပီသာ ပြန်ရရင်၊ ဒီအဆိုပြုချက်သာ အတည်ဖြစ်သွားရင် အထည်ချုပ်လုပ်ငန်း၊ သစ်လုပ်ငန်းနဲ့ အသားတင်ပို့မှုလုပ်ငန်းတွေ ကောင်းလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမှာ ဖြစ်ပါတယ်။

ဥရောပကောင်စီ အကြီးအကဲ ဟာမန် ဗန်ရွန်ပိုင်း (Herman Van Rompuy)ကလည်း ဦးသိန်းစိန်ရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ ချီးကျူးခဲ့သလို ပြုပြင်ပြောင်းလဲရေးတွေက မပြည့်စုံသေးဘူးလို့လည်း ပြောဆိုပါတယ်။

တိုင်းရင်းသား လူနည်းစုတွေနဲ့ ပတ်သက်ပြီးတော့ အခြေခံ လွတ်လပ်ခွင့်တွေက တိုးတက်လာတယ်လို့ ပြောသလို ကချင်နဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေ အခြေအနေ တွေ ငြိမ်းချမ်းရေး ခိုင်မာအောင် လုပ်ဆောင်ဖို့နဲ့  ဒီမိုကရေစီအပြောင်းအလဲတွေက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မှီ ရှိနေတဲ့ စိန်ခေါ်မှုတွေလို့လည်း ဥရောပခေါင်းဆောင်တွေက ပြောပါတယ်။

အီးယူ ဥက္ကဋ္ဌ ဟယ်မွန်း ဗန်ရွမ်းပိုက “လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရကို အားပေးပါတယ်။ နောက်အရေးကြီးတဲ့ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးတွေကိုလည်း တိုးတက်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းတယ်” လို့ ပြောပါတယ်။

ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဂျိုဆေး မန်နျူရယ် ဘာရိုဆို (José Manuel Barroso) က မြန်မာ အပြောင်းအလဲတွေကို ချီးကျူးလိုက်ပြီးတော့ မြန်မာကို ဥရောပသမဂ္ဂက ယူရိုငွေ သန်း ၁၅၀ ကျော် ထောက်ပံ့သလို ရခိုင်ပြည်နယ်က ရခိုင်အသိုင်းအ၀န်းကို ကူညီဖို့ ရန်ပုံငွေ ယူရို ၅ ဒဿမ ၅ သန်း ထပ်လောင်းပေးမယ်လို့လည်း ဆိုပါတယ်။

မြန်မာငြိမ်းချမ်းရေး စင်တာကိုလည်း ထောက်ခံသလို ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာက စံနှုန်းတွေနဲ့ အညီ လုပ်ဆောင်သွားဖို့နဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်နဲ့ တွဲဖက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အီးယူအနေနဲ့ အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့  ဖြစ်နိုင်ချေတွေ လေ့လာနေသလို ဒီနှစ်ကုန်ပိုင်း ကျရင် မြန်မာနိုင်ငံကို ပူးတွဲကော်မရှင်တရပ် ထပ်မံသွားရောက် လေ့လာမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကို မနှစ် ဧပြီမှာ စတင် ဆိုင်းငံ့ဖယ်ရှားပေးခဲ့ပြီး စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံကို အထူး ကုန်သွယ်အခွင့်အရေးတွေ ပြန်လည်ပေးအပ်ဖို့ အဆိုပြုခဲ့တာပါ။ ဥရောပကောင်စီနဲ့ ဥရောပ ပါလီမန်က သဘောတူညီချက် ရရင် အသက်ဝင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013