Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၁ ဦးကို ဝေဘာဂီဆေးရုံက ဆင်းခွင့်ပြု 
ပိုင်စိုး
·
February 12, 2020
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁  ယောက်ကို ဝေဘာဂီဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး  သံသယလူနာ ၁ ယောက်အပါအဝင် နောက်ထပ် ၅ ယောက်ကိုလည်း ဆေးရုံအသီးသီးကနေ  ဆင်းခွင့်ပြုဖို့ ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မနက်ပိုင်းမှာရတဲ့ ဓာတ်ခွဲအဖြေတွေအရ သံသယလူနာ ၁ ယောက်နဲ့ စောင့်ကြည့်လူနာ ၅ ယောက်တို့မှာ 2019 Novel Coronavirus ရောဂါပိုးမရှိတဲ့ အဖြေရခဲ့ တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်တာပါ။ လူနာတွေကို အသေးစိတ်စစ်ဆေးပြီး သက်ဆိုင်ရာဆေးရုံတွေကဆင်းခွင့်ပြုဖို့ ပြင်ဆင်ထား သလို ဆေးရုံကဆင်းပြီးရင် လိုက်နာရမယ့်အချက်တွေကိုလည်း အသေးစိတ်မှာထားတယ်လို့ ဆိုပါတယ်။  တရုတ်နိုင်ငံ စန်တုန်မြို့ကနေ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြန်ရောက်လာတဲ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က အသက် ၃၈ နှစ်အရွယ် အမျိုးသားတယောက်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကိုယ်အပူချိန်မြင့်တက်လာလို့ တောင်သာမြို့နယ်ပြည်သူ့ဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုကုသ ပေးနေပါတယ်။  မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်က အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတယောက်ဟာလည်း တရုတ်နိုင်ငံ ဂျယ်ခေါင်ကနေ ဖေဖော်ဝါရီ ၁ ရက်မှာ ပြန်ရောက်လာပြီး ဖေဖော်ဝါရီ ၄ ရက်ကစလို့ ဖျားတာ၊ ချောင်းဆိုးတာတို့ကို ခံစားခဲ့ရတာကြောင့် မနေ့က မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကို လာရောက်ပြသခဲ့ရာမှာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး စောင့်ကြပ်ကြည့်ရှုကုသနေပါတယ်။ ဒါပေမယ့် သူတို့မှာ တခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာတွေ မတွေ့ရဘဲ သူတို့ရဲ့ ဓာတ်ခွဲနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပေးပို့ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။  စင်္ကာပူနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာတယောက်နဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ အမျိုးသမီး တယောက်ကတော့ ကိုယ်အပူချိန် သာမန်ထက်မြင့်နေပေမယ့် သက်သာကောင်းမွန်နေ တယ်လို့ ဆိုပါတယ်။ အသက် ၂၉ နှစ်အရွယ်အမျိုးသမီးဟာ စင်္ကာပူမှာ 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာတယောက်နဲ့ အနီးကပ်ထိတွေ့ခဲ့လို့ မြန်မာနိုင်ငံကို ပြန်ရောက်ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်ကစလို့ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြည့်လူနာ အဖြစ် ကုသပေးနေတာပါ။ သူ့မှာလည်း တခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေ မတွေ့ရဘဲ ဓာတ်ခွဲ နမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွန်းဓာတ်ခွဲခန်းဆီ ပေးပို့စစ်ဆေးထားတယ်လို့ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၆ နာရီအချိန်အထိ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စောင့်ကြည့်လူနာ ၁၆ ယောက်ကို သက်ဆိုင်ရာဆေးရုံတွေမှာ  စောင့်ကြပ်ကြည့်ရှုကုသမှုပေးနေ တယ်လို့ အစိုးရ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024