DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများသာ ၀င်ပြိုင်လို
DVB
·
March 5, 2013
Donate to DVB

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ တိုင်းရင်းသားဒေသတွေမှာ  အင်အားကြီးပါတီတွေ ၀င်မပြိုင်ဖို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဝင် မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကရင်၊ ကယန်းစတဲ့ တိုင်းရင်းသားပါတီတွေ ပါဝင်တဲ့ ညီနောင်တိုင်းရင်းသားဖယ်ဒရေးရှင်းအဖွဲ့က သူတို့အဖွဲ့ရဲ့ ၂ လ တကြိမ် ပုံမှန်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပအပြီး အခုလို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေအနေနဲ့ ကိုယ့်ဒေသပြဿနာ ကိုယ့်ဘာသာ စီမံဖြေရှင်းတာဟာ ဖယ်ဒရယ် နည်းကျပြီး  ဒေသခံမဟုတ်တဲ့ အင်အားကြီးပါတီတွေ ထပ်ပြိုင်ဖို့ မလိုကြောင်း ဖက်ဒရေးရှင်းအဖွဲ့ပြောခွင့်ရ ဦးစောသန်းမြင့်က  ပြောပါတယ်။

“ကျနော်တို့က ဖက်ဒရယ်တောင်းနေတာ။ တိုင်းရင်းသားအားလုံးက ဖက်ဒရယ်တောင်းနေတဲ့အချိန်မှာ ကိုယ့်ဒေသမှာ ကိုယ်စီမံခန့်ခွဲပိုင်ခွင့်၊ အစိုးရလုပ်ပိုင်ခွင့်၊ လွှတ်တော်မှာ ကိုယ့်လူနဲ့ ကိုယ်ဒေသကို လုပ်သင့်တယ်လို့ မြင်တယ်လေ။ တိုင်းအားလုံး၊ ပြည်နယ်အားလုံး ကိုယ့်ဒေသကိုယ် ဒေသခံလူတွေက ဆောင်ရွက်မှသာ ဒေသအတွက် အကျိုးရှိမယ်လို့ ထင်တယ်။ ပြည်မက ခဏလာလာပြီး အုပ်ချုပ်ရေးလာလုပ် သူ့သက်တမ်းပြည့်ရင်ပြန်ဖို့ပဲ စီစဉ်။ ဒေသအကျိုးဘာမှမလုပ်ဘူး။ သူ ရနိုင်သလောက်ပဲ ကုတ်ခြစ်ပြီးယူသွားတယ်။ အဲတော့ ဒေသအကျိုးအတွက် ဘာမှဖွံ့ဖြိုးတိုးတက်ဖို့ မရှိဘူးလေ။”

ဒါဟာ တိုင်းရင်းသားပါတီတွေရဲ့ လိုလားချက်ကို ထုတ်ဖော်ပြောဆိုတာဖြစ်ပြီး အက်အားကြီးပါတီတွေ ပြိုင်ရေး မပြိုင်ရေးကတော့ သူတို့အပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးကတော့ ဘယ်ပါတီကို ရွေးမလဲဆိုတာ ပြည်သူတွေအပေါ်သာ မူတည်တယ်လို့ ပြောပါတယ်။

“ပါတီတွေအနေနဲ့ သူတို့ရဲ့ ထင်မြင်ချက်ကို လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်လည်းရှိတယ်။ ကြိုးစားပိုင်ခွင့်လည်းရှိပါတယ်။ တိုင်းရင်းသားဆိုတာတော့ အကုန်လုံးက၊ မြန်မာနိုင်ငံထဲမှာ နေတဲ့သူတွေအားလုံးက တိုင်းရင်းသားတွေပါပဲ။ အရေးကြီးတာကတော့ လူထုက ထောက်ခံဖို့ပါပဲ။ လူထုအကျိုးရှိအောင်လုပ်ပေးဖို့ပဲလိုတာပဲ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေနဲ့အညီပဲ သွားမှာပါ။ ဘယ်သူမဆိုပြိုင်လို့ရတာပေါ့။ ပြည်သူကထောက်ခံတယ် မထောက်ခံဘူးဆိုတာလည်း ပြိုင်တဲ့ပါတီနဲ့ ပုဂ္ဂိုလ်အခြေအနေပေါ်မူတည်ပြီး ပြည်သူကရွေးသွားမယ်လို့ပဲ ထင်ပါတယ်။”

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့ အစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့ထဲမှာ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဖလုံစဝေါ်ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီ ၇ ခုပါဝင်ပြီး ဓနု၊ အရှိုချင်း၊ ၀၊ ရှမ်းနီ၊ ပအိုဝ်း၊ ပလောင် စတဲ့ တိုင်းရင်းသားပါတီတွေကတော့ လေ့လာသူအဖြစ် ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013