DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ဒေသခံများ အခွင့်အရေး ဆုံးရှုံး
DVB
·
March 5, 2013
ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ဒေသခံများ အခွင့်အရေး ဆုံးရှုံး
Donate to DVB

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ဒေသခံပြည်သူတွေ မြေယာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ   ဆုံးရှုံးနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက် ပါတယ်။

အစိုးရနဲ့ ကုမ္ပဏီတွေဟာ မြန်မာပြည်အရှေ့ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း အရှေ့ပိုင်းက ဒေသတွေမှာ  ဖွံ့ဖြိုးရေး စီမံကိန်း ၃၅ ခု   ဆောင်ရွက်နေပေမယ့် ဒီဖွံဖြိုးမှုရဲ့ အကျိုးကျေးဇူးကို ဒေသခံတွေ မခံစားရတဲ့အပြင် မြေယာ၊ အလုပ်အကိုင်နဲ့ လူ့အခွင့်အရေးတွေပါ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

အဲဒီဖွံ့ဖြိုးရေးစီမံကိန်းတွေကတော့ ရေကာတာဆောက်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ လမ်းတံတားတည်ဆောက်ခြင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စိုက်ပျိုးရေး စီမံကိန်းတွေ ဖြစ်ပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့က ပြည်သူတွေကြား ကွင်းဆင်းလေ့လာရာမှာ မြေယာအသိမ်းခံရတာ၊ အတင်းအကျပ်ရွှေ့ပြောင်းခံရတာ၊ အလုပ်အကိုင်ရှားပါးတာတွေ ရှိနေကြောင်း၊ ဆုံးရှုံးတဲ့မြေယာတွေကို လျော်ကြေးပြန်ပေးတာ ရှိပေမယ့် ဒေသခံရဲ့ သဘောထားကို မမေးတဲ့အပြင် လျော်ကြေးငွေ တိုက်ရိုက်မရဘူးလို့ သိရပါတယ်။

[caption id="attachment_37120" align="alignright" width="300" caption="အစီရင်ခံစာ မျက်နှာဖုံး"][/caption]

ဒါကြောင့် ဒါနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို စုဆောင်းပြီး “ရပ်တည်ရာပျောက်ဆုံးခြင်း” ဆိုတဲ့အမည်နဲ့ အစီရင်ခံစာတစောင်ထုတ်ပြန်ပြီး ဒီနေ့မနက် ထိုင်းနိုင်ငံ ဘန်ကောက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီအစဉ်မှူး နော်ခူးခူကြူးက ပြောပါတယ်။

“ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွေလုပ်ပါ။ ဒါပေမယ့် ဒေသခံတွေအတွက် တကယ်အကျိုးရှိစေနိုင်မယ့်၊ ဒေသခံတွေ ဦးဆောင်တဲ့ ဒေသခံတွေပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပေးတာပါ။”

အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်ပြီး ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆောင်ရွက်လာတဲ့အပေါ်မှာ  ကြိုဆိုပေမယ့်လည်း ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အကျိုးဖြစ်ထွန်းမှုတွေကိုပါ ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရနဲ့ သက်ဆိုင်ရာလုပ်ငန်းရှင်တွေကို တောင်းဆိုတယ်လို့ ပြောပါတယ်။

“ဒေသခံတွေနဲ့ ညှိနှိုင်းပြီး သဘောထားရယူဖို့ပေါ့။ စီမံကိန်းတွေ လာလုပ်ပြီဆိုရင် ဘယ်လို တိုင်ပင်ဆွေးနွေးရမယ်။ နောက် ဓားမဦးချ ဘိုးဘွားရိုးရာဓလေ့ထုံးစံနဲ့ မြေယာပိုင်ဆိုင်ခွင့်နဲ့ အသုံးပြုမှုကို အသိအမှတ်ပြုပေးဖို့။ နောက်ဆုံးအချက်ကတော့ ကရင်ပြည်နယ်မှာဆိုရင် အပစ်အခတ်ရပ်စဲရေးကဏ္ဍ ဆိုးကျိုး၊ ကောင်းကျိုးတွေကို ရင်းနှီးမြှုပ်နှံမယ့်သူတွေက သတိထားပြီးတော့ ပြဿနာအသစ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုအသစ်တွေ ဖန်တီးခြင်းတွေမဖြစ်စေဖို့ ဒီအခြေအနေတွေကို တင်ပြခြင်းလည်း ဖြစ်ပါတယ်။”

ဒီကနေ့ မနက် ၁၀ နာရီခွဲက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသားသတင်းထောက်များကလပ်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းစာ ဆရာနဲ့ လေ့လာသူ ၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013