ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး လူ ၁၀၀၀ ကျော် သေဆုံးခဲ့မှုအတွက် အကြီးတန်းအရာရှိများကို တရုတ် ထုတ်ပယ်

GETTY IMAGES
1.4K
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အကြီးတန်း အစိုးရအရာရှိ အတော်များများကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။
ရောဂါဖြစ်ပွားမှုအပေါ် ကိုင်တွယ်ဖြေရှင်းတာနဲ့ပတ်သက်လို့ ဟူဘေး ကျန်းမာရေးကော်မရှင် ပါတီအတွင်းရေးမှူးနဲ့ ကော်မရှင်အကြီးအကဲတို့ဟာလည်း ရာထူးက ဖယ်ရှားခံရသူတွေထဲမှာ ပါဝင်ပါတယ်။
ခုချိန်ထိ ရာထူးက ဖယ်ရှားခံရသူတွေထဲမှာ သူတို့နှစ်ဦးဟာ စီနီယာအကျဆုံး အရာရှိတွေ ဖြစ်ပါတယ်။
လှူဒါန်းပစ္စည်းတွေ စီမံခန့်ခွဲရာမှာ တာဝန်ဝတ္တရား တမင်ပျက်ကွက်မှုနဲ့ ဒေသ ကြက်ခြေနီအဖွဲ့ ဒုညွှန်မှူးကိုလည်း ရာထူးကနေ ဖယ်ရှားပစ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ စုစုပေါင်း သေဆုံးသူ ၁,၀၁၆ ဦးအထိ မြင့်တက်လာခဲ့ပြီး အဲဒီနေ့ တရက်တည်းတင် ဟူဘေးပြည်နယ်မှာ ၁၀၃ ဦးနဲ့ သေဆုံးသူ စံချိန်တင်ခဲ့ပါတယ်။
သေဆုံးသူ မြင့်တက်လာပေမယ့် နိုင်ငံတဝန်း ထပ်မံကူးစက်ခံရသူ အရေအတွက်က အရင်နေ့ကထက် ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။
နိုင်ငံပိုင်သတင်းဌာန ဖော်ပြချက်အရ ဟူဘေးပြည်နယ်မှာ လူပေါင်းရာချီပြီး ရာထူးက ဖယ်ရှားတာတွေ၊ စုံစမ်းရေးလုပ်တာတွေနဲ့ သတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အစိုးရအရာရှိတွေဟာ ရာထူးကနေ ဖယ်ရှားခံရသလို အာဏာရ ကွန်မြူနစ်ပါတီရဲ့ အပြစ်ပေးတာကိုလည်း ခံယူရတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။