ဖွဲ့စည်းပုံပြင်ဆင်ရေးကို အသုံးချပြီး အန်အယ်လ်ဒီပါတီပုံရိပ်မြှင့်တင်နေဟု တပ်မတော်ပြော
DVB
·
February 11, 2020
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အသုံးချပြီး အန်အယ်လ်ဒီပါတီက ပုံရိပ်ကို မြှင့်တင်နေတယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။
“ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့လုပ်တယ်ဆိုတဲ့ ပုံရိပ်ကို လုပ်တာ ဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်သားတွေရော၊ ပြည်ခိုင်ဖြိုးပါတီကလည်း တင်ထားတာရှိတယ်။ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းတွေဟာ ၄၅ ဦးအောက်ထဲမှာ ထည့်သွင်းပြီး ပျောက်သွားအောင်လုပ်တဲ့သဘော ဖြစ်နေပါတယ်။”လို့ ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။
လွှတ်တော်ကို တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတွေအပေါ် ဥပဒေကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့အစီရင်ခံစာကို ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။
ပူးပေါင်းကော်မတီရဲ့အစီရင်ခံစာမှာ ဥပဒေကြမ်း ၇ ခုလုံးကို ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ခေါင်းစဉ် ၂ ခု အောက်မှာသာ ပူးပေါင်း ဖော်ပြခဲ့တာပါ။
ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဥပဒေကြမ်းတခုကို ဦးဆောင်တင်သွင်းထားသူဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်အနေနဲ့ ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းပြီးချိန်မှာ ဥပဒေကြမ်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ကို ကန့်ကွက်ခဲ့ပါသေးတယ်။
ပြည်ထောင်စုလွှတ်တော်နာယကကတော့ ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ ကန့်ကွက်မှုကို ခွင့်ပြုခဲ့ ခြင်း မရှိဘဲ အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။
အခုတင်သွင်းတဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကို နောက်ဆုံးထားကာ အမည်စာရင်းတင်သွင်းရမှာဖြစ်ပြီး တပ်မတော်သား အစုအဖွဲ့တွေက ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ လွှတ်တော်အတွင်း ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေ ပြီးသွားပါက အချက် တချက်ချင်းဆီအလိုက်ကို အမှတ်ခြစ် ဆန္ဒပြုတဲ့ နည်းလမ်းနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူဖို့ ရှိပါတယ်။
ဖြိုးသက်ပိုင်မြင့်