မြန်မာနှင့်တရုတ် နှစ်နိုင်ငံ ဝင်ထွက်သွားလာနေသည့် တရုတ်အလုပ်သမားများကို စောင့်ကြည့်နေ
DVB
·
February 10, 2020

တရုတ်နိုင်ငံသားတွေရှိတဲ့ လုပ်ငန်းခွင်က လုပ်သားတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ် နိုင်ဖို့အတွက် မြန်မာပြည်နဲ့ တရုတ်ကို ဝင်ထွက်သွားလာနေတဲ့ တရုတ်နိုင်ငံသားတွေ အရေအတွက် စာရင်းကောက်ပြီးစောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် က ဒီဗွီဘီကိုပြောပါတယ်။
တရုတ်လုပ်ငန်းရှင်တွေ၊ တရုတ်လုပ်သားတွေနဲ့ အများဆုံး ထိတွေ့လုပ်ကိုင်နေရတဲ့ ပြည်တွင်းက စက်ရုံလုပ်သားတွေအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ရေး တရုတ်နှစ်ကူးကာလ အတွင်း မြန်မာပြည်နဲ့ တရုတ်ဝင်ထွက်သွားလာနေကြတဲ့ တရုတ်နိုင်ငံသားတွေစာရင်း ကောက်ခံပြီး စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှ တွဲဖက်အတွင်းရေးမှူး ဖြိုးစန္ဒာစိုးက ဒီဗွီဘီကိုပြောပါတယ်။
လက်ရှိမှာလည်း ပြည်တွင်းရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံအချို့က လုပ်သားတွေက သူတို့ရဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေကို အလုပ်ခွင်အဝင်မခံဘဲ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတာတွေလုပ်ပေး ဖို့တောင်းဆိုတာ တွေရှိနေတယ်လို့ ရွှေပြည်သာမြို့နယ် ၊ အထည်ချုပ်အလုပ်သမား မလွင်လွင်ဦးက ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံအလုပ်ရုံပေါင်း ၄၀၀ ကျော်ရှိပြီး လုပ်သား ၅သိန်းကျော် လုပ်ကိုင်နေတာပါ။
အများစုက တရုတ်နိုင်ငံသားပိုင်စက်ရုံတွေဖြစ်တာမို့ တရုတ်နိုင်ငံသားတွေနဲ့ ထိတွေ့ လုပ်ကိုင်မှု အများဆုံးဖြစ်နေရတဲ့ ပြည်တွင်းလုပ်သားတွေအတွက် ကာကွယ်နိုင်မယ့် အသိပညာပေး တာတွေ ဆောင်ရွက်ပေးသင့်တယ်လို့ အလုပ်သမားအလုပ်သမားအဖွဲ့စည်းတချို့က မှတ်ချက်ပြုထားပါတယ်။
ဇာခြည်