လပွတ္တာမြို့နယ်တရားရုံးအတွင်း ဘိလစ်စာရေးကြီး ၁ ဦး ကြိုးဆွဲချသေဆုံး
DVB
·
February 10, 2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တရားရုံးမှာ ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက မြို့နယ် တရားရုံးအတွင်း စာရေးဝန်ထမ်းအမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
မြို့နယ်တရားရုံးက ဘိလစ်စာရေးကြီး ဦးတင်ကိုမောင်ဟာ ညနေ ၈ နာရီအချိန်လောက်မှာ တရားရုံး ဘီလစ်ရုံးခန်းအတွင်း ကြိုးဆွဲချသေဆုံးနေတာကို ဇနီးဖြစ်သူက စတင်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
"သေဆုံးတဲ့ အမျိုးသားက တရားရုံးက စာရေးပါ။ စတွေ့တာကတော့ သူ့အမျိုးသမီးက အိမ်ပြန်မလာလို့ လိုက်သွားရင်း စတွေ့တာ။ သူ့ရဲ့ရုံးခန်းထဲမှာပဲ ကြိုးဆွဲချပြီး သေဆုံးနေတာပါ"
ဦးတင်ကိုမောင်ဟာ နေ့လယ် ၂ နာရီလောက်က တရားရုံးမှာအလုပ်လုပ်မယ်ဆိုပြီး ထွက်သွားရာက ည ၇ နာရီအချိန်ထိပြန်မလာတာကြောင့် ဇနီးဖြစ်သူက ဖုန်းဆက်ရာ မကိုင်လို့ တရားရုံးကို လိုက်သွားချိန်မှာ ရုံးခန်းမှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ ပြောပါတယ်။
သေဆုံးသူ ဦးတင်ကိုမောင်ဟာ အသက် ၅၂ နှစ်အရွယ်ရှိပြီး သွေးတိုးရောဂါရှိသူ ဖြစ်ကာ သူ့ ရုံးခန်းအတွင်း အမြင့် ၉ ပေခန့်ရှိတဲ့ ထုတ်တန်းမှာ ပလပ်စတစ်ကြိုးအရှည် ၁၅ ပေခန့်နဲ့ ကြိုးဆွဲချသေဆုံးခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
ဘိလစ်စာရေးကြီး သေဆုံးမှုကို လပွတ္တာမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် (၂/၂၀၂၀)ဖြင့် ရေးဖွင့်ထားပြီး အလောင်းကို ၃ မိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စစ်ဆေးနေ ပါတယ်။
မင်းထက်မုန်း (ပုသိမ်)