ဝမ်းတွင်းမြို့နယ်တွင် လျှပ်စစ်မီးကြိုးသွယ်တန်းသူ ၂ ဦး ဓာတ်လိုက်သေဆုံး
DVB
·
February 10, 2020
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ကန်ပတ်လည်ရွာမှာ ဖေဖော်ဝါရီ ၉ ရက်နေ့က ကျေးရွာမီးလင်းရေး လျှပ်စစ်မီးကြိုးသွယ်တန်းနေတဲ့ အမျိုးသား ၂ ဦး ဓာတ်လိုက်သေဆုံး သွားတယ်လို့ ပင်းတလဲရဲကင်းစခန်းက ပြောပါတယ်။
ပင်းတလဲ ရဲကင်းစခန်း တာဝန်ကျရဲအရာရှိက "ရွာလယ်ထရန်စဖာအိုးနားမှာ ဖြစ်သွားတယ်။ အဲနားလေးမှာ မီးလိုင်းကြိုးတွေ အများကြီးပဲ။ အပေါ်ဆုံးလျှပ်စစ်မီးကြိုးက စည်ကြီးဆွဲဘုရားကို လျှပ်စစ်မီးပေးထားတာပါ၊ အောက်ကလျှပ်စစ်ကြိုးမှာ အလုပ်လုပ်နေရင်း ခါးဆန့်လိုက်ရာက လျှပ်စစ်စီးနေတဲ့ ကြိုးနဲ့ထိပြီး ဓာတ်လိုက်တယ် ယူဆတယ်။ ၂ ဦးလုံး ဓာတ်တိုင်ပေါ်က ပြုတ်ကျလာပြီး အောက်မှာရှိနေတဲ့ ဝင်းထရံအကာတွေ ထိုးမိကုန်တယ်။ မိတ္ထီလာဆေးရုံကို ပို့ပေးတယ်၊ အဲမှာပဲ ၂ ဦးလုံး သေဆုံးသွားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
မလှိူင်မြို့နယ် ကမ်းပါးဖြူရွာနေ ကိုဖိုးရဲ (၂၂နှစ်) နဲ့ ကိုတင်မျိုးအောင်(ခ)ကိုတင်ထွန်းနိုင် တို့ ၂ ဦးလုံးဟာ ကုမ္ပဏီတခုရဲ့ နေ့စားဝန်ထမ်းတွေလို့ သိရပါတယ်။
ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲရဲကင်းစခန်းမှာ ကိုဖိုးရဲနဲ့ ကိုတင်မျိုးအောင် (ခ) ကိုတင်ထွန်းနိုင်တို့နှစ်ဦး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၂၀ နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။
သတင်း-မောင်မောင်လင်း