ပူတာအိုခရိုင်တွင် သားငှက်တောရိုင်းတိရစ္ဆာန် သတ်ဖြတ်မှုများ ဆက်ရှိနေ
DVB
·
February 10, 2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းမှာ သားငှက် တောရိုင်းတိရစ္ဆာန် သတ်ဖြတ်မှုတွေဟာ ဆက်လက်ရှိနေဆဲပဲလို့ ခါကာဘိုရာဇီ သားငှက်ထိန်းသိမ်းရေး တောအုပ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။
သဘာဝအခြေခံစီးပွားရေးလုပ်ငန်း မြန်မြန်အကောင်ထည်ဖော်နိုင်မှ သားရဲတိစ္ဆာန် သတ်ဖြတ်မှုလျော့ကျသွားနိုင်မယ့်အကြောင်းနဲ့ ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် အစားထိုး စီးပွားရေး လုပ်ငန်းတွေ မဖန်တီးပေးသရွေ့ သားရဲတိစ္ဆာန်သတ်ဖြတ်မှုတွေကို တားဆီးဖို့ ခက်ခဲနေမယ်လို့လည်း တောအုပ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။
ပူတာအိုခရိုင်အတွင်းမှာရှိတဲ့ဒေသခံ အများစုဟာ အရင်ကတည်းက အမဲလိုက်တဲ့ လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ခါကာဘိုရာဇီ သားငှက် ထိန်းသိမ်းရေး ဌာနနဲ့ သက်ဆိုင်ဌာနတာဝန်ရှိသူတွေကတော့ သားငှက်တောရိုင်းတိရစ္ဆာန် သတ်ဖြတ်မှုတွေကို အပတ်စဉ် စစ်ဆေးအရေးယူဆောင်ရွက်နေပါတယ်။
ရောင်းချသူကို ဖမ်းဆီးတာမျိုး မလုပ်ပဲ သူတို့သတ်ဖြတ်ရောင်းချနေတဲ့ သားရဲတိစ္ဆာန်ထွက် ရောင်းကုန်ပစ္စည်းတွေကိုသာ သိမ်းဆည်းဖျက်ဆီး အရေးယူတယ်လို့ သိရပါတယ်။
အခုအခါ အစိုးရက ရှားပါးသားရဲတိစ္ဆာန်တွေကို မျိုးတုံးပျောက်ကွယ်မသွားဖို့ နေရင်းဒေသများ ပြန်လည်ထူထောင်ရေး စီမံချက်တွေ ရေးဆွဲဆောင်ရွက် အကောင်အထည် ဖော်နေတာလည်း ရှိပါတယ်။
သတင်း- ဇော်မိုးထက် (ဖားကန့်)