DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း တောင်သူများ သမ္မတ ဦးသိန်းစိန်ကို တရားစွဲ
DVB
·
March 5, 2013
လက်ပန်းတောင်း တောင်သူများ သမ္မတ ဦးသိန်းစိန်ကို တရားစွဲ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွင်းမှု အရေးယူပေးရေးကိစ္စနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားတွေက သမ္မတဦးသိန်းစိန်ကို မနေ့က တရားစွဲဆိုလိုက်ပါတယ်။

ဆားလင်းကြီးမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး တရားသူကြီး ဒေါ်ခင်ခင်ဆွေက စွဲဆိုခံရသူဟာ နိုင်ငံတော် သမ္မတဖြစ်တဲ့အတွက် အထက်အဆင့်ဆင့်ကို တင်ပြရမှာ ဖြစ်လို့ မတ်လ ၁၁ ရက်နေ့မှ လက်သင့်ခံမယ်လို့ ပြောလိုက်ကြောင်း လယ်သမားတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ စောကျော်ကျော်မင်းက ပြောပါတယ်။

[caption id="attachment_37098" align="alignleft" width="150" caption=" ရှေ့နေ စောကျော်ကျော်မင်း"][/caption]

သမ္မတ ဦးသိန်းစိန်ကို တရားစွဲဆိုရတာနဲ့ ပတ်သက်ပြီး စောကျော်ကျော်မင်းက “လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ သပိတ်စခန်းတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှာ အဓိက တာဝန်ရှိတယ်။ အဲဒါကြောင့် ဦးသိန်းစိန်ကနေပြီး သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွင်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ တရားစွဲဆိုရခြင်းဖြစ်ပါတယ်။”

ဦးဆောင် တရားစွဲဆိုသူတွေကတာ့ ဆည်တည်းရွာ မ၀င်းဝင်းဌေး၊ မရီရီဝင်း၊ မိုးကြိုးပြင် အလယ်ရွာမှ ကိုဇော်နိုင်တို့ဖြစ်ပါတယ်။

တရားစွဲဆိုရာမှာ ဦးဆောင်ပါဝင်တဲ့ မ၀င်းဝင်းဌေးက “သပိတ်စခန်းတွေကို မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွင်းခံရတာနဲ့ပတ်သက်ပြီး အခု ၃ လပြည့်တဲ့အထိ တစုံတရာမှ အရေးယူပေးတာ မရှိတဲ့အတွက် သမ္မတကြီးကို အခုလိုမျိုး အမှုဖွင့်ရတာ ဖြစ်ပါတယ်။”

နိုင်ငံတော်သမ္မတကို တရားစွဲဆိုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး မ၀င်းဝင်းဌေးက အခုလို ပြောပါတယ်။

“နိုင်ငံတော်သမ္မတကို တရားစွဲဆိုခြင်းအားဖြင့် နောက် အကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ ကျမ အများကြီး မျှော်လင့်ပါတယ်။ မီးလောင်ဗုံး တရားခံတွေကိုလည်း အမြန်ဆုံး ဖော်ထုတ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ နောက်ပိုင်း ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်း ဟန့်တားရာရောက်ပါတယ်။ ပြည်သူတွေအတွက်လည်း အကာအကွယ်ပြုရာ ရောက်မယ်လို့ ထင်ပါတယ်။ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဟန့်တားပေးမယ်လို့ ကျမတို့ ထင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာ ၂၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ သံဃာတော်တွေအပါအ၀င် ဒေသခံတွေကို အစိုးရက မီးလောင်ဗုံးသုံးပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

မီးလောင်ဗုံးသုံးပြီး အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သံဃာအပါး ၁၀၀ လောက်နဲ့ လူပုဂ္ဂိုလ် ၂၀ လောက် မီးလောင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အစိုးရက ဒဏ်ရာရသံဃာတွေကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013