တရုတ်က ပြန်လာသည့် ဖျားနာလူနာကို မကွေးဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ကုသ
DVB
·
February 9, 2020
တရုတ်ပြည်က ပြန်လာတဲ့ ဖျားနာနေသူ တယောက်ကို ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ အဖြစ် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး သီးသန့်အထူးကုသဆောင်မှာ ကုသပေးနေတယ်လို့ ဆေးရုံအုပ်ဒေါက်တာ မြတ်စိုးက ပြောပါတယ်။
အဲ့ဒီလူနာဟာ တောင်တွင်းကြီးမြို့နယ် ပရက်ကြယ်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တယောက်ဖြစ်ပြီး ဖျားနာနေတဲ့အတွက် ဖေဖော်ဝါရီ ၈ ရက်က တောင်တွင်းကြီးမြို့နယ်ဆေးရုံကို သွားရောက်ဆေးကုသခံယူရာက စစ်ဆေးချက်အရ ကိုယ်အပူချိန် ၁၀၂ ဒီဂရီဖာရင်ဟိုက်ရှိပြီး ချောင်းဆိုးရောဂါခံစားနေရတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ အဖြစ် မကွေးတိုင်းဆေးရုံကြီးကို လွှဲပြောင်းခဲ့တာလို့ ဆက်ပြောပါတယ်။
“ဒီရောက်လို့ သေချာစမ်းသပ်စစ်ဆေးတဲ့အခါမှာ သံသယလူနာအဆင့်မဟုတ်ဘဲ စောင့်ကြည့်လူနာအဆင့်ပဲ ရှိတာကိုတွေ့ရပါတယ်။ ဒီမှာလိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ပါတယ်၊ လူနာရဲ့အခြေအနေကလည်း တည်ငြိမ်ပြီး ပုံမှန်စားသောက်နိုင်ပါပြီ။ သူ့အတွက်သီးသန့်လုပ်ပေးတဲ့ ပူပူနွေးနွေး၊ ပျော့ပျော့ပြောင်းပြောင်း ခေါက်ဆွဲပြုတ်၊ ဆန်ပြုတ် ဒါမျိုးတွေကိုပဲကျွေးပြီးတော့ လူနာ ကို စောင့်ကြည့်နေပါတယ်။”
ဖေဖော်ဝါရီ ၈ ရက် ညနေက ဆေးရုံကိုရောက်လာတဲ့ လူနာဟာ ညမှာဘဲ အဖျား စကျကာ ၉ ရက်နေ့ မနက်မှာတော့ အဖျားက ၉၉ ဒီဂရီဖာရင်ဟိုက်ပဲ ရှိတော့တယ်လို့ သိရပါတယ်။
လူနာနဲ့ပတ်သက်ပြီး ဒီနေ့မှာပဲ ဗဟိုပြည်သူ့ကျန်းမာရေးရုံးချုပ်ကနေပြီးတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေက လာရောက်ကာ လူနာရဲ့နှာခေါင်းက ထွက်လာတဲ့ အရည်၊၊ အာခေါင်က အရည်ကို ယူပြီး ထိုင်းနိုင်ငံက ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးမယ်လို့ ဆေးရုံအုပ်က ပြောဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာအဖြစ် မကွေးတိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံနေတဲ့ ပရက်ကြယ်ကျေးရွာက လူနာဒေါ်ကြည်လှဟာ လွန်ခဲ့တဲ့ ၆ လခန့်က တရုတ်ပြည်နယ် စပ်လောက်ကိုင်မြို့မှာ ကြံခုတ်လုပ်ငန်းသွားရောက်လုပ်ကိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်မှာ နေရပ်ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
မကွေးတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၂ ဦးရှိပြီး အခုတိုင်းပြည်သူ့ဆေးရုံမှာ ကုသနေသူနဲ့ ပေါက်မြို့နယ်ဆေးရုံမှာ ကုသပေးနေသူတယောက်တို့ ဖြစ်ပါတယ်။
တင်ရွှေ(မင်းဘူး)