DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေပြဿနာကို အမျိုးသားတာဝန်တရပ်အဖြစ် ဖြေရှင်းရန် တောင်းဆို
DVB
·
March 4, 2013
လယ်ယာမြေပြဿနာကို အမျိုးသားတာဝန်တရပ်အဖြစ် ဖြေရှင်းရန် တောင်းဆို
Donate to DVB

လယ်ယာမြေပြဿနာကို အစိုးရအပါအ၀င် လွှတ်တော်နဲ့ အဖွဲ့အစည်းအားလုံးက အမျိုးသားတာဝန်တရပ်အနေနဲ့ ဖြေရှင်းပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း က တောင်းဆိုလိုက်ပါတယ်။

မတ်လ ၂ ရက်နေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ  မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း နှစ်ပတ်လည် အခမ်းအနားကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတ၀န်းလုံးက တောင်သူတွေရဲ့ အခက်အခဲနဲ့ ဆွေးနွေးတင်ပြချက်ကို နားထောင်အပြီး ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

[caption id="attachment_29492" align="alignleft" width="150" caption="ဒေါက်တာစိုးထွန်း"][/caption]

အစိုးရက ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းနေသော်လည်း အောက်ခြေမှာ ဖြစ်နေတဲ့ အခြေအနေတွေ အရ လက်ဆုပ်လက်ကိုင် အပြောင်းအလဲကို မတွေ့ရသေးတဲ့အတွက် တောင်သူတွေရဲ့ အခက်အခဲကို ထိထိရောက်ရောက်ဖြေရှင်းပေးဖို့ လိုနေတယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“အစိုးရပိုင်းအနေနဲ့ လယ်သိမ်းတဲ့အဖွဲ့အစည်း ဌာနဆိုင်ရာဖြစ်ရင်ဖြစ်မယ်၊ ကုမ္ပဏီဖြစ်ရင်ဖြစ်မယ်၊ အဖွဲ့အစည်းတွေကဖြစ်ရင်ဖြစ်မယ်။ ဒီလူတွေနဲ့ လယ်သိမ်းခံရတဲ့လယ်သမားတွေနဲ့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေက ညှိနှိုင်းခေါ်ယူဆွေးနွေးမှဖြစ်မယ်။ ဆွေးနွေးရာမှာလည်း နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်တဲ့နည်းလမ်းမျိုးနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ လိုတယ်။ ဥပဒေအတိုင်းရှင်းပါလို့ပြောပေမယ့်လည်း ဥပဒေအတိုင်းရှင်းပေမယ့် တချို့ကိစ္စတွေက ဥပဒေအရမှန်နေသော်လည်း လယ်သမားတွေက မသိနားမလည်တဲ့အပေါ် အခွင့်အရေးယူတဲ့အခါကျတော့ လုပ်ကိုင်ရတာခက်တယ်။ ဥပဒေအတိုင်းမှန်နေသော်လည်း မှန်တယ်လို့ ပြောရခက်တယ်။ တခြား လူမှုရေး၊ စီးပွားရေး၊ ဒေသမှာ ရှိနေတဲ့အခက်အခဲတွေ ထည့်သွင်းစဉ်းစားပြီး သိမ်းဆည်းသူဘက်ကလည်း လျှော့ပေးဖို့၊ တောင်သူလယ်သမားဘက်ကလည်း အတိုင်းအတာတခုကို လက်ခံနိုင်ဖို့လိုတယ်။ အဲလိုညှိနှိုင်းပေးတာလိုမယ်လို့ ထင်ပါတယ်။ အဲလိုမလုပ်ရင်တော့ ဒီပြဿနာတွေက နောင် ပိုပြီး ကြီးမားလာမယ်။”

မြန်မာနိုင်ငံ ချင်း၊ ရှမ်း၊ ရခိုင် ပြည်နယ်နဲ့ ရန်ကုန်၊ မကွေးတိုင်းစတဲ့ နေရာပေါင်း ၁၅ နေရာက တောင်သူတွေက အခက်အခဲတွေကို တောင်သူလယ်သမားနေ့ အခမ်းအနားမှာ တင်ပြခဲ့ကြပါတယ်။

အဲဒီအထဲမှာ ရန်ကုန်တိုင်း ရွှေပြည်သာက ဧက ၁ သောင်းကျော် လယ်ယာမြေအသိမ်းခံရတဲ့ ကိစ္စတွေ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လုပ်သားရှားပါးမှု ပြဿနာတွေ၊ ချင်းပြည်နယ်က ရေရှားပါးမှု၊ ထောက်ပံ့ရေးနဲ့ ဆက်သွယ်ရေး ညံ့ဖျင်းတဲ့ ကိစ္စတွေ၊ တောင်ယာအတွက် ထိရောက်တဲ့ အကူအညီ မပေးတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက လယ်ယာမြေတွေမှာ ရေလျှံရေမြုပ်နေတဲ့ ကိစ္စတွေ၊ ရေစီးရေလာ ကောင်းမွန်အောင် တူးမြောင်းတွေ ပြန်လည်တူးဖော်ပေးဖို့ ကိစ္စတွေ၊ အညာဒေသတွေမှာလည်း လယ်တွေ ရေမရတဲ့ ကိစ္စတွေ၊ တချို့ဒေသတွေမှာတော့ လယ်သမားနဲ့ အင်းသမား ပြဿနာတွေကို တင်ပြတယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

လယ်ယာမြေအငြင်းပွားမှု မပြီးဆုံးမီ မှတ်ပုံတင်လုပ်ဖို့ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာ စိုးထွန်းက တောင်သူတွေကို အခုလို အကြံပေးပါတယ်။

“မှတ်ပုံတင်ဥပဒေမှာဘာပါလဲဆိုတော့ ဒါကို မှတ်ပုံတင်ရာမှာ ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်သူမရှိရင် မှတ်ပုံတင်ပေးမယ်။ မြေယာမှတ်ပုံတင်မှာ မှတ်ပုံတင်ပြီးရင် နောင် ကန့်ကွက်လို့မရမယ့်ပုံစံမျိုး ရှိနေတယ်။ အဲတော့ ကျနော်တို့ စိုးရိမ်တာက ကြေညာချိန်မှာ သူတို့မသိလိုက်တာမျိုး ဖြစ်လာနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး မေးခွန်းမေးတော့ သူက ကြေညာရင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ ကြေညာမယ်။ ဘယ်တော့ကြေညာမလဲဆိုတာ မသိတော့ ကျနော်တို့ကနေ့တိုင်းသွားမကြည့်နိုင်ဘူး အဲလိုဆိုရင် ဆုံးရှူံးသွားနိုင်မလားဆိုတော့ ကျနော်က ဘာအကြံပေးလဲဆိုတော့ မြေသိမ်းခံရတဲ့တောင်သူလယ်သမားတွေ အနေနဲ့ ကန့်ကွက်တဲ့ကိစ္စကို မစောင့်ဘဲနဲ့ ကိုယ့်မှာရှိတဲ့အထောက်အထား ဒါမှမဟုတ် သက်ဆိုင်ရာ ကျေးရွာမှာရှိနေတဲ့ သက်သေတွေ၊ လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေနဲ့သွားပြီး မြေယာမှတ်ပုံတင် ဦးစွာသွားတင်ဖို့လိုတယ်။ သွားတင်ပြီး ၀င်စာအမှတ်နဲ့ ရက်စွဲ မှတ်ထားပြီး ထားမယ်ဆိုရင် နောင်တချိန် တခြားလူ ကုမ္ပဏီဖြစ်ဖြစ် အဖွဲ့အစည်းဖြစ်ဖြစ် လာမှတ်ပုံတင်ရင်၊ ကိုယ့်ထက်နောက်ကျပြီးတင်ရင် ပြဿနာဖြစ်တဲ့မြေတွေကို ချန်လှပ်ထားခဲ့မယ်လို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက တရားဝင် ပြောထားတာရှိတယ်။ ကိုယ်ကဦးအောင်သွားတင်ထားရင် အလိုအလျောက်ကန့်ကွက်ပြီးသားဖြစ်တယ်။ ဒီမြေတွေကိုတော့ တရားရုံးက ဥပဒေအရဖြစ်စေ တခြားနည်းလမ်းနဲ့ဖြေရှင်းပြီးမှ မှတ်ပုံတင်ထုတ်ပေးဖို့တော့ ကျနော့်အနေနဲ့ လယ်/ဆည်ဝန်ကြီးဌာနကိုတော့ တိုက်တွန်းထားပါတယ်။”

 

ဒီအခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာမှာ ကျင်းပတာဖြစ်ပြီးတော့ လယ်သမား ၅၀၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013