ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံ သင်္ဘောပေါ်မှ ထွက်ခွာခွင့်ပေးရန် အမေရိကန် စုံတွဲ တောင်းဆို

Reuters
ဂျပန်ကမ်းလွန်မှာ သီးသန့်ခွဲ စောင့်ကြည့်ခံထားရတဲ့ ဇိမ်ခံသင်္ဘောပေါ်က စုံတွဲတတွဲဟာ သူတို့ကို သင်္ဘောပေါ်ကနေ ထွက်ခွာခွင့်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။  ဖေဖော်ဝါရီ ၇ ရက်နေ့မှာ သင်္ဘောပေါ်မှာရှိတဲ့ ခရီးသည် ၄၁ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတာကို တွေ့ခဲ့ရပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၆၁ ဦးအထိ မြင့်တက်လာခဲ့ပြီးတဲ့နောက် တောင်းဆိုလိုက်တာပါ။ စောင့်ကြည့်ခံနေရတဲ့ Diamond Princess သင်္ဘောပေါ်မှာ ခရီးသည် ၃၇၀၀ ဦး ရှိနေပါတယ်။ အဲဒီထဲက အမေရိကန်စုံတွဲဖြစ်တဲ့ ဖီးလစ်နဲ့ ဂေးကော်တာတို့ဟာ သင်္ဘောပေါ်မှာ ပိတ်မိနေတာ သုံးရက်ရှိနေပြီဖြစ်ပြီး အမေရိကန် အာဏာပိုင်တွေအနေနဲ့ ဂျပန်အစိုးရနဲ့ ဆက်သွယ်ကာ သူတို့ကို သင်္ဘောပေါ်ကနေ ထွက်ခွာခွင့်‌ပေးဖို့ မျှော်လင့်နေပါတယ်။  သူတို့နှစ်ဦးဟာ သင်္ဘောပေါ်ကနေ ထွက်ခွာလို့ ရနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့လည်း ဒီစုံတွဲက Reuters ကို ပေးပို့တဲ့ ဗွီဒီယိုမက်ဆေ့ချ်မှာ ပြောထားပါတယ်။  “သူတို့ဟာ ခရီးသွားလာခြင်းနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေအတွက် ဆေးဝါးသယ်ယူပို့ဆောင်ရေးဆိုင်ရာ ထောက်ပံ့ပေးတဲ့ ပုဂ္ဂလိကအဖွဲ့ဝင်တွေ ဖြစ်ပြီးတော့ သင်္ဘောပေါ်က ထွက်ခွာဖို့ လိုအပ်ကြောင်းနဲ့ လက်ရှိအချိန်မှာ ဂျပန်အစိုးရဘက်က ထွက်ခွာခွင့် ပိတ်ပင်ထားတယ်လို့” ဂေး‌ကော်နာက ပြောပါတယ်။  “သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေပြီဆိုတာကို လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာပြီးတဲ့နောက်မှ သင်္ဘောတာဝန်ရှိသူတွေက ပြောကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အရမ်းကို ထိတ်လန့်နေပြီ” လို့ ဂေးရဲ့ခင်ပွန်းဖြစ်သူ ဖီးလစ်က ပြောပါတယ်။ သူတို့ဟာ စောင့်ကြည့်ကာလအတွင်း သင်္ဘောပေါ်မှာ ရှိနေမယ့် လေရဲ့အရည်အသွေးအတွက်လည်း စိုးရိမ်မိတယ်လို့ ပြောပါတယ်။ Diamond Princess သင်္ဘောဟာ ယိုကိုဟားမားဆိပ်ကမ်းကို ဖေဖော်ဝါရီ ၃ ရက်နေ့က ရောက်ရှိလာခဲ့ပြီး သင်္ဘောပေါ်မှာရှိတဲ့ ဟောင်ကောင်အမျိုးသား တဦးမှာ ဗိုင်းရပ်စ် ရှိနေတာ တွေ့ခဲ့ရတာကြောင့် ၁၄ ရက်ကြာ စောင့်ကြည့်မှုပြုလုပ်နေတဲ့ သင်္ဘောလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up