ခြေအိတ်တဖက် ဝတ်ဖို့မေ့ခဲ့သည့် အဲဗာတန်နောက်ခံလူ ဆီဒီဘီ

skysports
လူစား ဝင်ကစားခါနီးမှာ ခြေအိတ်တဖက် မပါခဲ့တဲ့ နောက်ခံလူ ဒီဂျီဘရယ် ဆီဒီဘီကြောင့် အဲဗာတန်နည်းပြ ကားလို့စ်အန်ဆယ်လော့တီတယော‌က် ရယ်ရအခက်၊ ငိုရအခက် ဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဖြစ်ခဲ့တာပါ။  ဂူဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ အန်ဆယ်လော့တီဟာ ပထမပိုင်းမှာတင် ဒဏ်ရာရရှိသွားခဲ့တဲ့ သီယိုဝဲကော့ နေရာကို လူစားလဲဖို့ ကြိုးစားခဲ့ပါတယ်။ နည်းပြကြီးဟာ ဆီဒီဘီကို အရန်ခုန်တန်းကနေ ခေါ်ယူခဲ့ပြီး အဲဒီအချိန်မှာ ကစားသမားဟာလည်း ကွင်းထဲ ဝင်ကစားဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံမှာ ရှိနေပါတယ်။  အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ စတုတ္ထဒိုင်ဘေးမှာ မတ်တတ်ရပ်ခဲ့ပြီး ကွင်းထဲ ဝင်ရောက်ဖို့ စောင့်ဆိုင်းခဲ့ပါတယ်။ ဒီလိုစောင့်ဆိုင်းနေရင်းနဲ့ ပြင်သစ်လက်ရွေးစင်ဟာ သူ့ရဲ့ ခြေအိတ်နှစ်ဖက်စလုံးကို ဆွဲချဖို့ ကြိုးစားခဲ့ပြီး အဲဒီအချိန်မှာမှ သူ့ရဲ့ ဘယ်ဘက်ခြေထောက်မှာ ခြေအိတ်မဝတ်ရသေးတာကို သိရှိလိုက်ရတာပါ။ လူစားလဲတဲ့ နေရာနားမှာရှိနေတဲ့ ပရိသတ်တချို့ဟာ ဒီဖြစ်ရပ်ကြောင့် ပွဲကျခဲ့ရပြီး ခြေအိတ်တဖက်ဝတ်ဖို့ မေ့ခဲ့တာကြောင် ဥမင်ထဲ ရေးကြီးသုတ်ပျာ ပြန်ဝင်သွားခဲ့တဲ့ ဆီဒီဘီရဲ့ ဖြစ်ရပ်ကြောင့် အန်ဆယ်လော့တီလည်း တော်တော်လေး အံ့သြသွားပုံရပါတယ်။  ပြင်သစ် လက်ရွေးစင် နောက်ခံလူဟာ မိုနာကိုအသင်းကနေ အဲဗာတန်အသင်းကို တရာသီ အငှားနဲ့ လာရောက်ကစားနေသူဖြစ်ပြီး သူဟာ ဥမင်ထဲ ဝင်ရောက်သွားပြီး မကြာခင်မှာတင် ပြန်လည်‌ပေါ်ထွက်လာကာ ကွင်းထဲကို ဝင်ရောက်စားခဲ့ပါတယ်။  ဒီပွဲစဉ်အပြီး အင်တာဗျူးအစီအစဉ်မှာ အန်ဆယ်လော့တီကို သတင်းထောက်တွေက ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မေးမြန်းခဲ့ကြပြီး နည်းပြကြီးက “သူက ခြေအိတ်ဝတ်ဖို့ မေ့ခဲ့တာလေ။ ဒီလိုဖြစ်ရပ်မျိုးကို အရင်က တခါမှ မကြုံခဲ့ဖူးပါဘူး။ ကစားသမားအနေနဲ့လည်း ဒီလိုပဲ ဖြစ်မယ် ထင်ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အဲဗာတန်အသင်းဟာ ဧည့်သည် ခရစ္စတယ်ပဲလေ့စ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အိမ်ရှင်အသင်းအတွက် ဂိုးတွေကို ဘားနတ်ဒ်၊ ရတ်ချာလီဆင်နဲ့ ကယ်ဗင်လီဝိန်းတို့က သွင်းယူခဲ့တာ ဖြစ်ပြီး ဧည့်သည်အသင်းအတွက် ချေပဂိုး ၁ ဂိုးကိုတော့ တိုက်စစ်မှူး ဘန်တီကီက သွင်းယူပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up