မိတ္ထီလာတွင် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ အရိုးစုများ တွေ့ရှိ၊ ဆင်အရိုးစုဟု ယူဆ
DVB
·
February 9, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ဆည်ကုန်းရွာ အရှေ့မြောက်ဘက် ၁ မိုင်အကွာရှိ ချောင်းအတွင်းမှာ နှစ်ပေါင်း ၁၀၀၀ ကျော်က ဆင်ရဲ့ အရိုးစုတွေလို့ ယူဆရတဲ့ အရိုး ၁၃ ခုကို ဖေဖော်ဝါရီ ၈ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။
ရှေးဟောင်းသုတေသနဌာနဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းက “နှစ်ပေါင်း တထောင်ကျော်က ဆင်ရဲ့အရိုးလို့ ယူဆပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတော့ မဟုတ်သေးပါဘူး။ ဘေးပတ်ဝန်းကျင်မှာ ရှေးဟောင်းအထောက်အထားလည်း မတွေ့တော့ တနေရာက ဆင်အရိုးတွေ ချောင်းထဲကို မျောပါလာတယ် ယူဆတယ်။ ချောင်းထဲမှာလည်း အနက် ၆ ပေလောက်မှာ တွေ့တာလို့ အဦးဆုံး တွေ့သူတွေက ပြောကြတယ်။ သုတေသန လုပ်ကြည့်ရဦးမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆည်ကုန်းရွာအုပ်ချုပ်ရေးမှူးက “ချောင်းထဲက သဲတွေ စုပ်တင်ကြရာက အရိုးအစအနတွေ ပါလာတယ်၊ အဲဒါတွေကို စုထားလိုက်တယ်။ နောက်တော့ သွားလို့ ယူဆရတဲ့ အရိုးအကြီးကြီးတွေ တွေ့တယ်၊ ဒါဟာ သတ္တဝါကြီးတကောင်ရဲ့အရိုး ဖြစ်မယ် ယူဆတယ်။ အဲဒီအရိုးတွေ စုထားပြီး သက်ဆိုင်ရာကို အကြောင်းကြားလိုက်တာပါ၊ အရိုးတွေကိုတော့ သုတေသနလုပ်ရအောင် မန္တလေးကို ယူသွားတယ်" လို့ ပြောပါတယ်။
အဆိုပါချောင်းဟာ မိတ္ထီလာကနေ ဝမ်းတွင်းမြို့နယ်ဘက်ကို ရေစီးဆင်းတဲ့ ချောင်းဖြစ်ပြီး ချောင်းအတွင်း သဲတွေစုပ်တင်ရာက အခုလို ဆင်အရိုးတွေ တွေ့ခဲ့တာပါ။
မောင်မောင်လင်း