DVB Logo
Home
မြန်မာသတင်း
ရှမ်းနှင့်ကယား ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးမည်
DVB
·
March 4, 2013
Donate to DVB

ပြည်နယ်ချင်း ဆက်စပ်နေတဲ့ ရှမ်းနဲ့ကယားပြည်နယ်က နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်း၊ လူမှုအခြေပြုအဖွဲ့အစည်းတွေကြား ပထမဆုံးအကြိမ် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲ ကျင်းပဖို့ နေ့ရက်၊ နေရာတွေ သတ်မှတ်လိုက်ပါတယ်။

ဆွေးနွေးပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ လားရှိုးမိုတယ်မှာ ဒီလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမယ်လို့ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကမကထလုပ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

“ကြိုတင်ပြင်ဆင်မှုတွေက အားလုံးပြီးသလောက်ဖြစ်နေပါပြီ။ အားလုံးဖိတ်ကြားထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၁၄ ခုနဲ့ နိုင်ငံရေးပါတီ ၁၂ ခု။ အဖွဲ့ ၁ ဖွဲ့ကို ကိုယ်စားလှယ် ၃ ဦးအထိ တက်ခွင့်ရှိတယ်။ အဖွဲ့ ၁ ဖွဲ့စီကို မိမိအဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ယုံကြည်မှုနဲ့ပတ်သက်ပြီး သူတို့ရဲ့ အမြင်သဘောထားတွေ စာတမ်း ပြုစုပြီးတော့မှ လာရောက်ဆွေးနွေးခွင့်ပြုမှာဖြစ်တယ်။”

ဒီဆွေးနွေးပွဲမှာ ကယားပြည်နယ်က ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ စတဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ရှမ်းပြည်နယ်က ရှမ်းပြည်တပ်မတော် တောင်ပိုင်း/ မြောက်ပိုင်း၊  မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီမဟာမတ်တပ်ပေါင်းစု၊ ယူဒဗလျုအက်စ်အေ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်၊ ပအိုဝ်း၊ ကိုးကန့်၊ အင်းသား၊ ဓနု၊ ရှမ်း၊ လားဟူ၊ ၀ စတဲ့ နိုင်ငံရေးအစုအဖွဲ့တွေအပြင် လူမှုအခြေပြု အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားအားလုံးက လိုလားနေတဲ့ ပြည်ထောင်စုစစ်စစ်၊ ဖက်ဒရယ်စနစ်နဲ့ တန်းတူညီမျှရေးတွေအတွက် လက်ရှိအာဏာရ အစိုးရနဲ့ရော၊ ရှမ်းမျိုးနွယ်စုတွေကြားနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ လူမျိုးစုအသီးသီးတွေကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်ကြောင်း၊ ဒါကြောင့် ပထမဆင့်အနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းက ရှမ်းမျိုးနွယ်များကြား ဆွေးနွေးပွဲကျင်းပခဲ့ပြီး ခုတခေါက်ကတော့  ဒုတိယအဆင့် ဆွေးနွေးပွဲဖြစ်တယ်လို့ ဆိုပါတယ်။

ပထမဆင့်ဆွေးနွေးပွဲက ရလဒ်နဲ့ ဒုတိယအဆင့် ဆွေးနွေးပွဲက ရလဒ်တွေ ပေါင်းစည်းပြီး ရှမ်း-ကယားအဖွဲ့အစည်းနဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေကို လိုအပ်သလို နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးစင်တာကို တင်ပြမယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“ရှမ်းပြည်ကိုကိုယ်စားပြုပြီး ပြောဆိုလာတဲ့အသံတွေကို ပထမအကြိမ်မှာရထားပြီးပြီ။ တခြားသောပါတီအဖွဲ့အစည်းတွေ၊ လူမျိုးတွေ ပါလာလို့ ဒုတိယအကြိမ်ညီလာခံမှာတင်ပြမယ်။ ကယားပြည်နယ်ကအဖွဲ့အစည်းတွေကလည်း သူတို့ရဲ့အမြင်တွေ တင်ပြမယ်။ အဲဒါကိုစုပြီး ပေါင်းစည်းပြီး ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာရှိတဲ့ လူထုလူတန်းစားအသီးသီးရဲ့ အသံ၊ နိုင်ငံရေးဆိုင်ရာ အာသီသဘယ်လိုရှိလဲဆိုတာ မှတ်တမ်းတင်မယ်။ လိုအပ်ရင်လိုအပ်သလို နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးစင်တာတွေကို ပေးပို့သွားမှာဖြစ်တယ်။”

တိုင်းရင်းသားလူမျိုးစုတွေ အများကြီးရှိတဲ့ ရှမ်းပြည်နယ်မှာ လူမျိုးတစုနဲ့တစုကြား ယုံကြည်မှု တည်ဆောက်ဖို့ အရင်ဆုံး နားလည်မှုယူရမှာဖြစ်တဲ့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုကော်မတီဝင်တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ဒီနှစ် ဇန်န၀ါရီလထဲမှာ ရှမ်းပြည်နယ် တောင်ပိုင်းရော၊ မြောက်ပိုင်းမှာပါ အဖွဲ့အစည်းအသီးသီးနဲ့ အရင်ဆုံးသွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ သူတို့ပါတီက ဦးစီးဆောင်ရွက်တာမဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တွေပါဝင်တဲ့ အလုပ်အမှုဆောင်အဖွဲ့က ဆောင်ရွက်တာဖြစ်ပြီး သူတို့ကတော့ ဖြစ်မြောက်ရေးအတွက် ကမကထ လုပ်ပေးတာလို့ ဦးစိုင်းလိတ်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013