ဝေဘာဂီဆေးရုံနှင့် မင်းပြားဆေးရုံက လူနာနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မရှိ

စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူနေတေဲ့ လူနာတွေထဲက ဝေဘာဂီအထူးကုဆေးရုံက တရုတ်နိုင်ငံသားတဦးနဲ့ မင်းပြားမြို့နယ်ဆေးရုံက အမျိုးသားတဦးတို့ရဲ့ ဓာတ်ခွဲအဖြေတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မရှိတာကြောင့် ဆေးရုံက ဆင်းခွင့်ပြုသင့်၊ မပြုသင့် ဆက်လက်စောင့်ကြပ် ကြည့်ရှုနေတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လပွတ္တာမြို့မှာ တရုတ်နိုင်ငံ ဂျယ်ခေါင်မြို့ကနေ ပြန်လာတဲ့ အမျိုးသားနဲ့ ဇနီးဖြစ်သူမှာ ဖျားနာတာနဲ့ ချောင်းဆိုးတဲ့ လက္ခဏာတွေ ခံစားနေရတဲ့အတွက် လပွတ္တာခရိုင်ပြည်သူ့ဆေးရုံမှာ စောင့်ကြပ်ကုသနေပြီး ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ မန်တိန်မြို့ကနေ ပြန်ရောက်လာတဲ့ သဲကုန်းမြို့နယ်က အမျိုးသမီးတဦးမှာလည်း ဖျားနာတာ၊ လည်ချောင်းနာတာနဲ့ ချောင်ဆိုးတဲ့လက္ခဏာတွေ တွေ့ရတဲ့အတွက် သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံမှာ စောင့်ကြပ်ကုသပေးနေပြီး ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးသွားမယ်လို့ သိရပါတယ်။   ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုတာနဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၇ နာရီခွဲအထိ သံသယလူနာ ၂ ဦးအပါအဝင် လူနာ ၉ ဦးအား ဆေးရုံးတွေမှာ ဆက်လက်စောင့်ကြည့် ကုသပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ဒီနေ့မနက်ပိုင်းအထိ ၃၅၀၀၀ လောက်၊ တရုတ်နိုင်ငံမှာ သေဆုံးသူ ၇၂၂ ဦး၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ ၁ ဦးစီနဲ့ ပျောက်ကင်းသူက ၂၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

More News
Up