ရန်ကုန်လေဆိပ်တွင် ကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းမိ
DVB
·
February 7, 2020
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ငွေကျပ် ၃၁၂၀ သိန်းတန်ဖိုးရှိ ICE မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ ၅ နာရီလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်မှတဆင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ပို့ဆောင်မယ့် စက္ကူပုံးတွေကို စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာပါ။
အဆိုပါစက္ကူပုံးအတွင်းရှိ အမျိုးသမီးလက်ကိုင်အိတ်တွေထဲကနေ ICE အလေးချိန် ၃.၉ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၁၂၀ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
စုံစမ်းဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီလောက်မှာ ပူးပေါင်းအဖွဲ့က ကမာရွတ်မြို့နယ်၊ ရပ်ကွက်(၁)ရှိ ---- မိုတယ်မှာ ထိုင်းနိုင်ငံသူ Ms. Bulan Pantong ၃၆ နှစ်အား ဖမ်းဆီးရမိခဲ့ပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။