ပန်းတောင်းမြို့နယ်တွင် တရားမဝင်သစ် ၄ တန်ကျော် ဖမ်းမိ
DVB
·
February 7, 2020
ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ်ထဲမှာ တရားမဝင်သစ်စက် ၂ စက်၊ လွှဝိုင်းတခုနဲ့ သစ်တန်ချိန် ၄ တန်ကျော်ကို ဖေဖော်ဝါရီ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တောဝန်ကြီးရဲ့သတင်းပေးမှုကြောင့် သစ်စက်တွေကို ပန်းတောင်းမြို့နယ်ထဲက ဥသျှစ်ပင်မြို့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သစ်တွေကိုတော့ နေရာ ၃ ခုကနေ ဖမ်းမိခဲ့တာပါ။
ဖေဖော်ဝါရီ ၆ ရက်နေ့က ဥသျှစ်ပင်မြို့အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ သစ်တော ဦးစီးမှုးနဲ့အဖွဲ့နဲ့ ရွှေပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်ပြီး ရှာဖွေစစ်ဆေးဖမ်းဆီးခဲ့ကြတာပါ။
ဥသျှစ်ပင်မြို့၊ ခိုင်မာလာလမ်းထဲက ကိုသိန်းသန်းအောင်ထံမှ သစ်စက်တလုံး၊ ကျွန်းနဲ့ပျဉ်းကတိုး ခွဲသား ၃ တန်ခွဲ၊ အဲဒီသစ်စက်တောင်ဘက် တအိမ်ကျော် ကိုဇာ်ဝင်းနိုင်အိမ်ကနေ ကျွန်းခွဲသား အချောင်း ၃၀ နဲ့ ၁၀.၅၀ တန်၊ နောက် အဲဒီလမ်းထဲကပဲ ကိုသန့်ဇင် (ခေါ်) ကိုတရုတ်ကြီးထံကနေ သစ်ခွဲစက်တလုံးနဲ့သစ်တန်ချိန် ၀.၇၄၀၀ တန်၊ စုစုပေါင်းသစ် ၄.၃၉၀၀ တန်တို့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ကာယကံရှင်တွေက တိမ်းရှောင်နေပေမဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ထားပြီး လာရောက် ရင်ဆိုင်မှု မရှိရင်တော့ ရဲစခန်းကနေ ဖမ်းဆီးခိုင်းမယ်လို့ ပန်းတောင်းမြို့နယ်သစ်တောဦးစီးမှူး ဦးလင်းသူကို က ပြောပါတယ်။
“ဒီမှာက တရားဝင်သစ်စက်ဆိုလို့ ၂ ခုပဲရှိတယ်၊ ကျန်တာတော့ မသိပါဘူး။ ရုံးကို အရင်က တော့ ဖုန်းတွေနဲ့တိုင်ကြားတာတွေရှိခဲ့ပေမဲ့ အခုနောက်ပိုင်းတွေမှာတော့ သစ်ခိုးထုပ်တာတွေ နဲ့ပတ်သက်ပြီး တိုင်ကြားသူ မရှိပါဘူး။ အခုကလည်း သစ်တောအဖွဲ့က လာခေါ်မှသိရတာပါ။ သစ်စက်ပိုင်ရှင်တွေကိုတော့ တယောက်မှမမိပါဘူး၊ ဒါပေမယ့် ရဲနဲ့ဆက်ပြီးဆောင်ရွက်မယ်လို့ သစ်တောဌာနက ပြောတယ်” လို့ ဥသျှစ်ပင်မြို့အုပ်ချုပ်ရေးမှူး ကိုကျော်ဇင်ဦးက ရှင်းပြပါတယ်။
ဇန်နဝါရီ ၂၅ ရက်ကလည်း ပဲခူးတိုင်းသစ်တောဝန်ကြီးနဲ့အဖွဲ့ ရခိုင်ရိုးမတောထဲက သစ်ထုထ်ရေးစခန်းကို သွားရောက်စစ်ဆေးစဉ်တုန်းက ရခိုင်ရိုးမထဲကနေ သစ် ၁၄ တန် ဖမ်းမိခဲ့ပြီ သစ်ခိုးလမ်းတချို့လည်း တွေ့ရှိခဲ့တယ်လို့ ပန်းတောင်းမြို့နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။