Home
မြန်မာသတင်း
ပုသိမ်သိုးမွေးအထည်ချုပ်စက်ရုံရှိ  တရုတ်အလုပ်သမားများကို ရောဂါရှိ မရှိ သွားရောက်စစ်ဆေး 
DVB
·
February 7, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ၁၃ ရပ်ကွက်ရှိ သိုးမွေးအထည်ချုပ်စက်ရုံတရုံမှာ တရုတ်နိုင်ငံသားတချို့ ဖျားနာနေတယ်ဆိုတဲ့ သတင်းရလို့ အဆိုပါ စက်ရုံကို ကွင်းဆင်းသွားရောက် စစ်ဆေးခဲ့တယ်လို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။  သိုးမွေးအထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံက ပြန်ရောက်လာတဲ့ တရုတ်နိုင်ငံသား တဦး ဖျားနာချောင်းဆိုးနေသလို တခြားတဦးဟာလည်း ဖျားနာနေကြောင်း ဧရာဝတီတိုင်းအစိုးရက သတင်းပေးပို့ခဲ့လို့ တိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ဒေသခံအာဏာပိုင်တွေ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ကွင်းဆင်းစစ်ဆေးရာ စက်ရုံမှာ နိုင်ငံခြားသားအလုပ်သမား စုစုပေါင်း  ၆၅ ဦးရှိတဲ့အနက် ၁၆ ဦးဟာ ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်အတွင်း တရုတ်နိုင်ငံက ပြန်လာကြသူတွေဖြစ်ပြီး  ဖျားနာခြင်းမရှိဘဲ ကျန်းမာနေကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။  အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်ရှိ သတ္တုထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်း သွားရောက်ကာ ကိုရိုနာဗိုင်းရပ်ရောဂါနှင့်ပတ်သက်လို့ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ စက်ရုံရှိ  ဝန်ထမ်းတွေနဲ့ မိသားစုဝင်အားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။  ရွှေပြည်သာမြို့နယ်၊ လှော်ကားဝါးတစ်ရာစက်မှုဇုံ (၃) ရှိအထည်ချုပ်စက်ရုံတခုမှာလည်း တရုတ်နိုင်ငံသား ၇ ဦးအနက် ၃ ဦးမှာဖျားနာနေကြောင်း သတင်းရရချင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ အားလုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့  ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ဒီနေ့ မနက်ပိုင်းအထိ သံသယလူ ၂ ဦး အပါအ၀င် လူနာ ၇ ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ ဆက်လက်စောင့်ကြပ်ကြည့်ရှုကုသမှု ပေးနေပြီး  အားလုံးရဲ့ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်နေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကို လွန်ခဲ့တ့ ၁၄ ရက်အတွင်း သွားရောက်ခဲ့ပြီးဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစတဲ့ သံသယရောဂါလက္ခဏာတွေ ရှိတဲ့ လူနာတွေရှိပါက နီးစပ်ရာကျန်းမာရေးဌာန၊  ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ နေပြည်တော် (Hotline – 067-3420802) သို့ သတင်းပေးပို့ကြဖို့လည်း သက်ဆိုင်ရာက မေတ္တာရပ်ခံထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024