အန်စီအေဆိုင်ရာ လူထုရှင်းလင်းပွဲများကို တပ်မတော်က တာဆီးနေဟု ကေအန်ယူထုတ်ပြန်
နော်နိုရင်း
·
February 7, 2020
ကေအန်ယူလက်အောက်ခံ ညောင်လေးပင်ခရိုင်/တပ်မဟာ ၃ နယ်မြေ ဆောထိမြို့နယ်မှာ အန်စီအေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေ သိရှိဖို့ ကွင်းဆင်းရှင်းလင်းချပြတာကို တပ်မတော်က ပိတ်ပင်တားဆီးခဲ့တယ်လို့ ကေအန်ယူ ဆောထိမြို့နယ် တပ်ရင်း (၇) က ထုတ်ပြန်လိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ ၃ လက်အောက်ခံ ဆောထိမြို့နယ် တပ်ရင်း (၇)က ဦးဆောင်ပြီး သရက်ချောင်းကျေးရွာမှာ ဖေဖော်ဝါရီ ၄ ရက်နေ့က အန်စီအေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ လူထု ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
ဒီပွဲပြုလုပ်တဲ့ပေါ် ဘောကထာစခန်းမှာထိုင်နေတဲ့ ရွှေကျင်အခြေစိုက် စစ်ဗျူဟာ လက်အောက်ခံတပ်ရင်း ခမရ ၁၂၄ က ဗိုလ်မှူးထွန်ထွန်းလင်းဦးဆောင်တဲ့ အင်အား ၅ ဦးက လက်နက်ပြည့်အစုံနဲ့ ရှင်းလင်းပွဲကို လာရောက် ပိတ်ပင်ခဲ့တာလို့ ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ပါအချက်တွေကို ပြည်သူထုကို ချပြဆွေးနွေးပွဲကို တပ်မတော်က ကန့်ကွက်တာဟာ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လက်မခံပဲ တားမြစ်ပိတ်ပင်တာလို့ ယူဆတယ်လို့လည်း ဆိုပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ အန်စီအေစာချုပ်ပါ အချက်တွေအပေါ် လိုက်နာဆောင်ရွက်မှု မရှိတဲ့ပြင် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ပုံသဏ္ဍာန်ဆောင်နေတဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လူထုရှင်းလင်းပွဲတွေကို တားမြစ်ပိတ်ပင်တာတွေ မလုပ်ဆောင်ဖို့လည်း ထုတ်ပြန်ထားပါတယ်။
တပ်မတော်ဘက်ကလည်း ကေအန်ယူအဖွဲ့ဟာ မိုင်းထောင် မိုင်းခွဲ အဖျက်အမှောက်လုပ်ငန်းတွေ လုပ်နေတယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။