DVB Logo
Home
မြန်မာသတင်း
လွှတ်တော်တွင် တပ်မတော်ပါဝင်မှု တဖြည်းဖြည်းချင်းလျှော့မည်ဟု သမ္မတပြောကြား
DVB
·
March 4, 2013
လွှတ်တော်တွင် တပ်မတော်ပါဝင်မှု တဖြည်းဖြည်းချင်းလျှော့မည်ဟု သမ္မတပြောကြား
Donate to DVB

လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (လေးပုံ တပုံ) နေရာရယူထားခြင်းဟာ လွှတ်တော်မှာ ဝိုင်းကူညီပေးဖို့  ဖြစ်ပြီး တဖြည်းဖြည်းချင်း လျှော့ချသွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ဥရောပ ၅ နိုင်ငံ ခရီးထွက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီလ ၁ ရက်နေ့က ဖင်လန်သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့တာဖြစ်ပြီး ဒီလိုနေရာယူထားတာကလည်း လတ်တလော အခြေအနေအရ တိုင်းပြည်ရဲ့ သမိုင်းကြောင်း နောက်ခံတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံကာကွယ်ဖို့ ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သူခန့်အပ်တာပါလို့လည်း သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံ အခြေအနေအရ၊ သမိုင်းကြောင်းနောက်ခံအရ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ချန်ထားလို့ မရဘူးလို့ ဆိုပါတယ်။

လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုကိုလည်း တဖြည်းဖြည်းလျှော့ချသွားမယ်လို့ သမ္မတက ဖြေဆိုပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ တပ်မတော်သားကိုယ်စားလှယ် ရှိပါဦးမလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေဆိုဖို့ ခက်ခဲကြောင်းနဲ့ တိုင်းပြည်ရဲ့အခြေအနေ၊ လွှတ်တော်ရဲ့ အခြေအနေနဲ့ ပြည်သူလူထုရဲ့ သဘောထားတွေအပေါ်မှာ မူတည်ပါတယ်လို့ သမ္မတဦးသိန်းစိန်က ဖြေဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲံ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေဟာ ရပ်ဆိုင်းထားလို့ မရသလို နောက်ပြန်လှည်လို့လည်း မရကြောင်းနဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်လည်း ရလာပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ပြပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေမှာ အောင်မြင်တာရှိသလို အခက်အခဲနဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ သမ္မတက ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေမှာ ဖင်လန်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်လိုကြောင်း သမ္မတက ပြောဆိုပြီး ဖင်လန်ကုမ္ပဏီတွေ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဖင်လန်သမ္မတက မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အားပေးကူညီသွားမယ်လို့ ကတိပြုခဲ့ပြီး ၂ဝ၁၄-၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရို ၆ ဒဿမ ၅ သန်း ကူညီ ထောက်ပံ့ဖို့ လျာထားကြောင်းနဲ့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုတွေကိုလည်း ဖယ်ရှားပေးဖို့အတွက် ကြိုးစားသွားမယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဖင်လန်နိုင်ငံဟာ မြန်မာနိုင်ငံကို သတ္တုတွင်းထွက်နဲ့ ပတ်သက်ပြီး မိမိတို့မှာရှိတဲ့ ကျွမ်းကျင်သူတွေကို ကူညီပေးသွားမယ်လို့ ဖင်လန်သမ္မတက ပြောဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားတွေက ကျန်အမတ်တွေလို ရွေးကောက် တင်မြှောက်ခံစရာမလိုဘဲ လွှတ်တော်အမတ်နေရာရဲ့ လေးပုံတပုံကို  ကိုယ်စားပြုတက်ရောက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013