မကွေးဝန်ကြီးချုပ် တရားစွဲခံရွာသားများဘက်က သက်သေထွက်ဆို
DVB
·
February 7, 2020
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက မင်းဘူးခရိုင်တရားရုံးကိုလာရောက်ပြီး တရားစွဲဆိုခံရတဲ့ ရွာသားတွေဘက်က သက်သေထွက်ဆိုပေးသွားပါတယ်။
ပွင့်ဖြူမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ ကုလားကုန်းကျေးရွာနေ ရွာသူရွာသားတချို့ကို မင်းထက်ကြွယ်စက်သုံးဆီဆိုင်ပိုင်ရှင်က သူ့အကျိုးစီးပွားကိုဖျက်ဆီးတယ်၊ နှောင့်ယှက်တယ်ဆိုပြီး တရားစွဲဆိုထားလို့ တရားအစွဲခံရတဲ့ ရွာသူရွာသားတွေဘက်ကနေ သက်သေထွက်ဆိုပေးဖို့ လာရောက်တာလို့ ဝန်ကြီးချုပ်က ဒီဗွီဘီကို ပြောပါတယ်။
“အခုကျေးရွာပြည်သူဘက်က သက်သေလိုက်ပေးရတဲ့ အကြောင်းအရင်းက ပန့်ဆိုင်ဖွင့်ထားတဲ့ လုပ်ငန်းရှင်က သူ့မှာတရားဝင်သိုလှောင်ခွင့်၊ ရောင်းချခွင့်မရှိသေးဘူး၊ ပန့်ဆိုင်ဆောက်နေတာကို မီးရေး၊ ထင်းရေးကြောက်ရလို့ ကုလားကုန်းကျေးရွာ ပြည်သူတွေက လက်မှတ်ရေးထိုးပြီး ဆောက်လုပ်ခွင့်မပေးဖို့ စာတင်တောင်းဆိုထားတယ်။ ကျနော်ကလည်း ပန့်ဆိုင်ဆောက်ဖို့ ထောက်ခံပေးမထားဘူး၊ သူတို့ကဆက်ဆောက်တယ်၊ သက်ဆိုင်ရာတွေက အဆင့်ဆင့်တားတယ်။ ရေနံနဲ့ပစ္စည်းရောင်းဝယ်ရေး တိုင်းမန်နေဂျာကတားတယ်။ ဆက်ဆောက်တယ်၊ ပြီးတော့ သူက ကန့်ကွက်တဲ့ဒေသခံတွေကို ဒီလိုလုပ်တော့ ခံရတဲ့ ရွာသူရွာသားတွေက သက်သေလိုက်ပေးဖို့ခေါ်လို့ အခုလိုလာရောက်တာပါ။”
ပွင့်ဖြူမြို့နယ် ကုလားကုန်းကျေးရွာမှာ မင်းထက်ကြွယ်စက်သုံးဆီဆိုင် ဆောက်လုပ်တာကို ဒေသခံတချို့က ကန့်ကွက်လို့ ဆောက်လုပ်နေတာကိုရပ်လိုက်ရတဲ့အတွက် ဆိုင်ပိုင်ရှင် ဦးမင်းနိုင်က သူနစ်နာပါတယ်ဆိုပြီး ဦးဆောင်ကန့်ကွက်တဲ့ ဦးဇော်ဝင်းနဲ့ ဦးသောင်းရွှေတို့ကို မင်းဘူးခရိုင်တရားရုံးမှာ ကျပ်သိန်း ၃၈၀ ကျော်ရလိုမှုနဲ့ အမှုဖွင့်ထားတယ်လို့ မင်းဘူးခရိုင်တရားရုံးက ဒုခရိုင်တရားသူကြီး ဒေါ်ခင်ဌေးမော်က ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သန္တာလင်းကို ဆက်သွယ်မေးမြန်ရာမှာတော့ ဖြေကြားလိုခြင်းမရှိဘူးလို့ ပြောပါတယ်။
သတင်း- တင်ရွှေ(မင်းဘူး)