Home
မြန်မာသတင်း
ဆိုလာမီးလင်းရေးရှေ့ပြေးစီမံကိန်း ဟုမ္မလင်းတွင် စတင်
Aung Ko Latt
·
February 7, 2020
မဟာဓာတ်အားလိုင်းနဲ့ဝေးကွာတဲ့ ဒေသတွေအတွက် သုံးသလောက်ပေး ဆိုလာမီးလင်းရေး ရှေ့ပြေးစီမံကိန်းကို  စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ စတင်လုပ်ဆောင်နေပါတယ်။ မဟာဓာတ်အားလိုင်းနဲ့ ၁၀ မိုင်အထက်ဝေးကွာပြီး နောက်ထပ် ၁၅ နှစ်အတွင်း လျှပ်စစ်မီး မလင်းနိုင်သေးတဲ့ ဒေသတွေကို ရည်ရွယ်ကာ Pay as you go ဆိုတဲ့ အစီအစဉ်နဲ့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ပြီး ရှေ့ပြေးစီမံကိန်းတခုကို၊ ဟုမ္မလင်းမြို့နယ်၊ နောင်ခမ်းကျေးရွာမှာ စတင်အကောင်အထည်ဖော်နေတာပါ။  စီမံကိန်းကာလက ၂ နှစ်ဖြစ်ပြီး အောင်မြင်ရင် ကျန်တဲ့ ဒေသတွေမှာပါ ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ စစ်ကိုင်းတိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက ပြောပါတယ်။ "ပုံစံ ၃ မျိုးနဲ့ပါ။ တအိမ်သုံးဆိုလာစနစ် (Solar Home System - SHS)၊ အသေးစားဓာတ်အားပေးစနစ် (Mini-grid)နဲ့ အခုမှ ရှေ့ပြေးစီမံကိန်းအနေနဲ့လုပ်နေတဲ့ သုံးသလောက်ပေး (Pay as you go)ဆိုပြီး လုပ်နေတာပါ။" ရှေ့ပြေးစီမံကိန်းမှာ ဝပ် ၅၀ ပါ ဆိုလာမီးသီး ၃ လုံး၊ ဘက်ထရီပါ ကွန်ထရိုးလာ ၁ ခုတို့ ပါဝင်တဲ့ အစုံ ၁၅၀ ကို အစိုးရဌာနနဲ့ ကုမ္ပဏီပူးပေါင်းကာ ဆောင်ရွက်နေတာပါ။ နေ့စဉ်သုံးအတွက် ၁ ရက်ကို ငွေကျပ် ၂၅၀ ကျသင့်မှာဖြစ်ပြီး လပေးစနစ်နဲ့ ၁ လကို ငွေကျပ် ၇၅၀၀ ကို မြို့နယ်ကျေးလက်ရုံးမှာ ၂၄ လ ပေးသွင်းရမှာဖြစ်ပါတယ်။ ၂ နှစ်ပြည့်တာနဲ့ မိမိပိုင်ပစ္စည်းဖြစ်မှာဖြစ်ပြီး ၂ နှစ်အတွင်း ပျက်စီးတာတွေကိုလည်း ကောက်ခံရရှိငွေထဲကနေ ပြန်လည်ပြုပြင်ပေးသွားမယ့် အာမခံဝန်ဆောင်မှုလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တအိမ်သုံးဆိုလာစနစ် (Solar Home System - SHS) စနစ်မှာတော့ ၆၀ ဝပ်၊ ၁၀၀ ဝပ်ရှိတဲ့ ဆိုလာတွေနဲ့ မုံရွာ၊ ရွှေဘို၊ ချောင်းဦး၊ ဘုတလင်မြို့တွေကလွဲပြီး စစ်ကိုင်းတိုင်း အတွင်းကကျန်တဲ့မြို့နယ်တွေမှာ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က စတင်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထိ ၄ နှစ်အတွင်း မြို့နယ် ၃၂ မြို့နယ်က ကျေးရွာပေါင်း ၆၄၅ ရွာမှာ ဆိုလာအစုံ ၃၈၉၂၄ စုံကို ထောက်ပံ့ထားပြီးဖြစ်ပါတယ်။  ဒီအစီအစဉ်မှာတော့ ၆၀ ဝပ်အတွက် ပြည်သူကကျပ် ၅၀၀၀၀ ၊ ၁၀၀ ဝပ်အတွက်တော့ ၁ သိန်းခွဲကျပ်ကျသင့်မှာဖြစ်ကာ အိမ်ခြေ ၁၀၀ နဲ့အထက် ၃၀ ရာခိုင်နှုန်းအထက်ယူရင် လမ်းမီး၊ ကျောင်း၊ ဆေးခန်း၊ ဘာသာရေးအဆောက်အဦစတဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကိုလည်း မီးပေးနိုင်ဖို့ လုပ်ဆောင်ထားတာပါ။ အသေးစားဓာတ်အားပေးစနစ် (Mini-grid) မှာတော့ ၂၀၁၇-၁၈ ကနေ ၂၀၁၈-၁၉ ထိ ကျေးရွာပေါင်း ၁၅ ရွာမှာ အကောင်အထည်ဖော်နေပြီး ၈ ရွာထိပြီးစီးကာ ၇ ရွာမှာတော့ လုပ်ငန်းဆောင်ရွက်ဆဲဖြစ်ပါတယ်။ အသေးစားဓာတ်အားပေးစနစ် (Mini-grid)မှာတော့ ပြည်သူက ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း ကုမ္ပဏီက ထည့်ဝင်ငွေ ၂ဝ ရာခိုင်နှုန်းနဲ့  အစိုးရက ၆၀ ရာခိုင်နှုန်း ထည့်ဝင်ပြီး စာချုပ်သက်တမ်းအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဆိုလာစနစ်ကို အဓိကထားကာ ဆိုလာစနစ်အားနည်းရင် ဘက်ထရီစနစ်၊ ဘက်ထရီစနစ်အားနည်းရင် အင်ဂျင်စနစ်နဲ့ ၂၄ နာရီပတ်လုံး မီးမပြတ်တောက်ရေး လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကနေ ဆောင်ရွက်နေတဲ့ မီးလင်းရေးနဲ့ပတ်သက်လို့ အခက်အခဲအနေနဲ့ ပြည်သူတွေဆီက ထည့်ဝင်ငွေကောက်ခံတဲ့အခါမှာ ငွေကောက်ပြီး ၁ နှစ်လောက်ကြာမှ မီးလင်းနိုင်တဲ့အတွက် ပြည်သူတွေရဲ့ အမြင်တမျိုးဖြစ်တာတွေရှိတယ်လို့ ဆိုပါတယ်။  ပစ္စည်းမရောက်ခင် ငွေကြိုကောက်ရတာဖြစ်လို့ အခုနောက်ပိုင်းတော့ ၁ နှစ်အထိ မကြာစေဘဲ ၈ လလောက်နဲ့ မီးလင်းနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။  လတ်တလောမှာတော့ ကျေးလက်က လုပ်ဆောင်နေတဲ့ မီးလင်းရေးလုပ်ငန်းစဉ်တွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိ သုံးစွဲနိုင်အောင် လုပ်ဆောင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024