ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသူ  ၄ ဦး ဆေးရုံကဆင်း

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသူတွေထဲက  ၄ ဦးကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သံသယလူနာ ၂ ဦးအပါအဝင် လူနာ  ၁၀ ဦးကို မြန်မာနိုင်ငံအတွင်းရှိ ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနေတဲ့အထဲက ၄ မှာ   ရောဂါပိုးမတွေ့ရှိသလို ကျန်းမာရေးအခြေအနေ ကောင်းမွန်လို့ သက်ဆိုင်ရာဆေးရုံတွေကနေ ဖေဖော်ဝါရီ ၆ ရက်မွန်းလွဲပိုင်းမှာ ဆင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ အဆိုပါ ၄ ဦးကတော့ လွိုင်ကော် ပြည်သူ့ဆေးရုံမှ အသက်(၂)နှစ်(၂)လအရွယ် ကလေးငယ် (မ) တစ်ဦး၊  ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၁၅) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ အသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ် (မ) တစ်ဦးနဲ့ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးမှ အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။ အဆိုပါ လူနာ ၄ ဦးရဲ့ ဓာတ်ခွဲအဖြေတွေမှာ 2019 Novel Coronavirus ဗိုင်းရပ်ရောဂါပိုး မရှိပါကြောင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့က  ရည်ညွှန်းဓာတ်ခွဲခန်းမှပြန်ကြားလာခဲ့တယ်လို့ လည်း သိရပါတယ်။  ဆေးရုံမှဆင်းခွင့်ပြုချိန်မှာ လူနာတွေကို ကျန်းမာရေးပညာပေးခြင်းနဲ့ လိုအပ်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနတွေကို  ပြန်လည် ဆက်သွယ်ဖို့ မှာကြားခဲ့ကြောင်းနဲ့ ကျန်လူနာတွေရဲ့ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်နေတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက် အရ သိရပါတယ်။  ဓာတ်ပုံ- MOH&S

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up