ကိုရိုနာဗိုင်းရပ်စ် သတင်းတုတိုက်ဖျက်ရေးဌာန ထိုင်းဖွဲ့စည်း၊ လူ ၆ ဦးကို ဖမ်းဆီး

THE NATION
လက်ရှိ ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အမှားတွေကို ထုတ်လွှင့်နေတဲ့ လူတွေကို ဖမ်းဆီးဖို့ ထိုင်းအစိုးရဟာ တော်ဝင်ထိုင်းရဲတပ်ဖွဲ့နဲ့အတူ သတင်းတုတိုက်ဖျက်ရေးဌာနကို ဖွဲ့စည်းလိုက်တယ်လို့ နေးရှင်းသတင်းဌာနက ဖေဖော်ဝါရီ ၆ ရက်မှာ ဖော်ပြပါတယ်။ ဒီဌာနဟာ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ နည်းပညာသုံး ရာဇဝတ်မှု နှိမ်နင်းရေးဌာနခွဲနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဝန်ကြီးဌာန ဝန်ကြီး ဘတ်ဒိပွန်စေ ပူနာခန်တာက ပြောပါတယ်။ ကန်ချနပူရီ၊ ပထုန်ဌာနီ၊ စမွတ်ပရာကန်၊ ချုံဘူရီနဲ့ ချာချင်းဆောင်ဝ် ခရိုင်တွေက နေရာ အသီးသီးကနေ လူ ၆ ယောက်ကို ဖမ်းပြီးပြီလို့လည်း ဆိုပါတယ်။ မုအန်ခရိုင်ထဲက ဆေးရုံမှာ ကူးစက်ခံလူတွေကို တွေ့ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတယောက်ကို ချာချင်းဆောင်ဝ်မှာ ဖမ်းထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။  အမျိုးသမီးရဲ့ တင်ပြချက်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် သုံးစွဲသူတွေက ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြလို့ တချို့ သတင်းဌာနလေးတွေက သတင်းရင်းမြစ်ကို မစိစစ်ဘဲ သူတို့ရဲ့ အင်တာနက် စာမျက်နှာတွေပေါ် တင်ခဲ့ကြတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။ “သတင်းတုတွေ ဖြန့်ချိမျှဝေတာဟာ လူထုကြား ထိတ်လန့်တုန်လှုပ်စေတယ်။ ဒါကြောင့် သာမန် တုပ်ကွေးကူးစက်ခံ လူနာတွေ ဖိနှိပ်ခွဲခြား ဆက်ဆံခံရနိုင်သလို ကူးစက်မှု ကာကွယ်ရေး လုပ်ငန်းစဉ်တွေလည်း မှားယွင်းကုန်တဲ့အထိ ဖြစ်စေနိုင်တယ်၊ ရေရှည်မှာ ဒီလုပ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး လုပ်ကိုင်နိုင်စွမ်းနဲ့ လူထုကိုပညာပေးမှု လုပ်ငန်းစဉ်ပုံရိပ်ကိုပါ သက်ရောက်စေနိုင်တယ်၊ အနာဂတ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ ယုံကြည်မှုပါ ထိခိုက်စေနိုင်ပါတယ်။” သတင်းတုဖြန့်ချိတဲ့ လုပ်ရပ်ဟာ ကွန်ပျူတာသုံး ရာဇဝတ်မှုအက်ဥပဒေကို ချိုးဖောက်ရာ ရောက်တဲ့အပြင် နိုင်ငံလုံခြုံရေး၊ ပြည်သူဘေးကင်းရေးနဲ့ အများပြည်သူ ထိတ်လန့်စေမှုထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ သတင်းတု စတင်ဖြန့်ချိသူရော၊ ထပ်ဆင့်ဝေမျှသူပါ အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ ထိုင်းဘတ်ငွေ ၁ သိန်းနဲ့ ထောင်ဒဏ် ၅ နှစ် ကျခံရမယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဒီနေ့မနက်ပိုင်းအထိ ၂၅ ဦးရှိတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up