ပြေတီဦး၊ စိုးပြည့်သဇင်တို့ ခေါင်းဆောင်ပါဝင်သည့် အချစ်ဒရာမာရုပ်ရှင်-‘ရွှေမင်းသမီး’ (နမူနာ)
DVB
·
February 6, 2020

နာမည်ကြီး သရုပ်ဆောင်မင်းသား ပြေတီဦးနဲ့ စိုးပြည့်သဇင်တို့ ခေါင်းဆောင်ပါဝင် ထားကြတဲ့ ‘ရွှေမင်းသမီး’ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။
ဒီရုပ်ရှင်ကိုတော့ MMN Entertainment က စီစဉ်ပြီး နှလုံးသားရဲ့ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ သီချင်းဆိုရတာကို ကြိုက်နှစ်သက်တဲ့ အဆိုပါရမီရှင်ကောင်မလေး ရွှေရည်နဲ့ သူ့ကို ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့ပြီး လင်းလက်နေတဲ့ ကြယ်လေးတစ်ပွင့်အဖြစ် မြင်ချင်ခဲ့တဲ့ တေးရေးဆရာ နှလုံးသားတို့ နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ဘယ်လို အလှည့်အပြောင်းတွေ၊ ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပြေတီဦး၊ စိုးပြည့်သဇင်တို့နဲ့အတူ ကျော်ကျော်ဗို၊ ကောင်းပြည့်၊ မေသဉ္ဇာဦး၊ ဇင်ဝိုင်းနဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သိန်းနီးပါး ရှိနေတာပါ။
ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။