Homeရုပ်သံ
ပြင်သစ်နာမည်ကျော် အီဖယ်တာဝါရှေ့မှာ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အိမ့်ချစ် (ရုပ်သံ)
ပြင်သစ်နာမည်ကျော် အီဖယ်တာဝါရှေ့မှာ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အိမ့်ချစ် (ရုပ်သံ)
DVB
·
February 6, 2020
အဆိုတော်ချစ်ကောင်းရဲ့ ဂီတမျိုးဆက်တဦးဖြစ်တဲ့ အိမ့်ချစ်ကို သူ့ရဲ့ချစ်သူက လက်ထပ်ခွင့် တောင်းခံခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့ပါတယ်။
အိမ့်ချစ်မှာ ချစ်သူရှိနေပေမယ့် ပရိသတ်တွေကိုတော့ အသိမပေးခဲ့ပဲ ခုတကြိမ်မှာတော့ ရုပ်သံနဲ့အတူ အသိပေးလိုက်တာ ဖြစ်ပါတယ်။
ဉရောပခရီးရောက်ရှိနေချိန်မှာ ချစ်သူကောင်လေးက ပြင်သစ်နိုင်ငံရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အီဖယ်တာဝါရှေ့မှာ အိမ့်ချစ်ကို လက်ထပ်ခွင့်တောင်းခံလိုက်တာပါ။
အဖြူအမည်းရုပ်သံဗွီဒီယိုဖိုင်အနေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်သံထဲမှာတော့ သူတို့ ၂ ယောက်ဟာ တာဝါရှေ့ကို လျှောက်သွားခဲ့ကြပြီး ချစ်သူကောင်လေးက ရုတ်တရက်ပဲ လမ်းမပေါ်ထိုင်ချလိုက်ပြီး လက်စွပ်နဲ့အတူ လက်ထပ်ခွင့်တောင်းခံခဲ့တာကို တွေ့ကြရမှာ ပါ။
ဒီအကြောင်းကိုတော့ အိမ့်ချစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
“သူကသူ့အလုပ်ကြောင့် Germany ကို မကြာခဏ လာရတတ်တယ်။ သူဒီတခါသွားရင် လိုက်ခဲ့ပါလား။ အမေရောမောင်လေးရောနဲ့ တူတူသွားကြမယ်။ အသံလည်း နာနေပြီမို့ခရီးထွက်မှပဲ အသံလည်း အနားရမှာဆိုတာနဲ့ထွက်လာခဲ့ကြတာ။ ဂျာမနီကနေ ပြင်သစ်လည်း လည်ကြမယ်ဆိ ပြီး လာကြတာ။ ရောက်ရောက်ခြင်းမှာပဲ ရထားပေါ် အတက် ဖုန်းလုပြေးခံရတယ်။ ဖုန်းကလဲသူ့ဖုန်း၊ ကိုယ်ကကိုင်ထားတာ၊ စိတ်လည်းရှုပ် စိတ်လည်းညစ်၊ ကိုယ့်ကြောင့်ဖြစ်တာမို့ အားလဲနာ ဖြစ်နေ ရတာ၊ သူကမဖြစ်ပါနဲ့ Eiffel Tower ဖက် စိတ်ပြေလက်ပျောက် လမ်းလျှောက်ကြမယ်ဆို ဆိုတာနဲ့သွားကြတာ Eiffel Tower ရှေ့ရောက်တော့ Junior လေးကို ငါ့ကိုဓာတ်ပုံရိုက်ပေးဆိုပြီး ရိုက်ခိုင်းပြီးနောက် လှည့်ကြည့်လိုက်တော့ သူက လက်စွပ်ဘူးလေးဖွင့်ပြီး Propose လုပ်တော့တာ ပဲ။ အဲ့အချိန်မှာထင်မှတ်မထားတော့ ရီရမလိုငိုရမလိုခုန်ရမလို၊ ထိုင်ရမလိုထရမလိုနဲ့ ဘာပြောရ မလဲမသိ စကားတွေအများကြီး ပြောနေမိပြီး အပျော်တွေလွန်နေတာ။ Video လေးက junior လေးခိုးရိုက်ထားတာလေးတွေ၊ ဘဝရဲ့အမှတ်တရအချိန်လေးတစ်ခုပါပဲ။ ဒါနဲ့ ရုပ်တူတယ်ပြောကြ သလို မြန်မာလား ငယ်လားမေးကြလို့ ရုပ်ကတော့ ဘာလို့လာတူလဲ မသိပါဘူးလေ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး စစ်စစ်ပါလို့။ ပြီးတော့သူက ၃နှစ် ကြီးတာပါလို့”
ဒီသတင်းအပေါ်အနုပညာရှင်တွေကလည်း ဝမ်းသာမှတ်ချက်တွေ ရေးခဲ့ကြပြီး အဆိုတော် သရုပ်ဆောင် ချစ်သုဝေက “ကြည်နူးစရာလေးကွာ စိတ်ချမ်းသာတယ်”လို့ ရေးခဲ့ပါတယ်။
အဆိုတော် အယ်လ်ဆိုင်းဇီကတော့ “Video လေးကြည့်ပြီး အပျော်ကူးစက် ကြည်နူးရပါတယ် ညီမလေးရေ”လို့ မှတ်ချက်ပေးခဲ့တာကို တွေ့ရပါတယ်။
လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ် နာမည်ကြီးနေပြီး ပရိသတ်တွေ ကြားမှာလည်း ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။