DVB Logo
Home
မြန်မာသတင်း
ပြည်သူများအနေဖြင့် ဌာနဆိုင်ရာနှင့်ဆက်ဆံရာတွင် အခက်အခဲရှိပါက တင်ပြနိုင်
DVB
·
March 4, 2013
Donate to DVB

အစိုးရ၀န်ကြီးဌာနတွေရဲ့ ၀န်ဆောင်မှုတွေကို ရယူနေကြတဲ့ ပြည်သူတွေအနေနဲ့ ဌာနဆိုင်ရာတွေဆီက ၀န်ဆောင်မှုရယူရာမှာ ဘာအခက်အခဲတွေ ရှိလဲ၊ ဘာအကန့်အသတ်တွေ ရှိလဲ ဒီအခက်အခဲ အကန့်အသတ်တွေဟာ ဘယ်လိုလုပ်ထုံးလုပ်နည်းတွေကြောင့်လို့ ထင်လဲ စသဖြင့် ဝေဖန် အကြံပြုကြဖို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ခေါင်းဆောင်တဲ့ ဒီအဖွဲ့ဟာ ဖေဖော်ဝါရီ ၂၅ ရက်က စပြီး ၀န်ကြီးဌာနတွေကို လက်တွေ့ ကွင်းဆင်းလေ့လာ အကဲဖြတ်နေကြပြီ ဖြစ်ပါတယ်။

အခု လောလောဆယ် စီးပွားကူသန်းဝန်ကြီးဌာနကို ကွင်းဆင်းလေ့လာနေပြီး ပြည်သူတွေအနေနဲ့ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သူတို့အဖွဲ့ထံ ဆက်သွယ် အကြံပြုနိုင်တယ်လို့ အဖွဲ့ဝင် ဦးတင်မောင်သန်းက ပြောပါတယ်။

အကဲဖြတ်အဖွဲ့ဝင် ဦးတင်မောင်သန်းကို အဖွဲ့က ဌာနဆိုင်ရာတွေကို ၀င်စစ်မှာလားလို့ မေးမြန်းရာမှာ “အဓိကကတော့ ၂၀၁၃ မှာ သမ္မတက တတိယအဆင့်အဖြစ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး မူဝါဒ၊ တနည်းပြောရရင် အစိုးရအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုပြီး မူဝါဒ ချတယ်။ ပထမဆုံး ကနဦးခြေလှမ်းကတော့ အလုပ်မဖြစ်တဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေကို ပယ်ဖျက်ဖို့ ဖျက်သိမ်းဖို့။ ဆိုတော့ လုပ်ပုံကိုင်ပုံအဟောင်းတွေကို ဖျက်သိမ်းဖို့။ ဒါကို ဦးတည်ပြီးတော့ လုပ်နေတယ်လို့ပဲ ကျနော်ကတော့ နားလည်တယ်” လို့ ပြောပါတယ်။

အဖွဲ့အနေနဲ့ ၀န်ကြီးဌာနတွေရဲ့ အားနည်းချက်တွေကို ထောက်ပြမှာလားလို့ မေးမြန်းရာမှာ “ကျနော်တို့က ၀န်ကြီးဌာနတွေရဲ့ အားနည်းချက်တွေကို ထောက်ပြချင်တာ မဟုတ်ပါဘူး။ ကျနော်တို့ အကုန်လုံးအနေနဲ့ တိုင်းပြည်ကို ပြန်လည်တိုးတက်အောင် လုပ်ကြတဲ့အခါမှာ လောလောဆယ် လယ်ယာကဏ္ဍရှိမယ်၊ ကုန်သွယ်ရေးရှိမယ်။ သူတို့ရဲ့ အခက်အခဲ၊ သူတို့တွေကို ၀န်ဆောင်မှုပေးရမယ်၊ အစိုးရက ကူညီဆောင်ရွက်ပေးရမယ်ဆိုတဲ့ အနေအထားပေါ့။ အရင်တုန်းက နိုင်ငံတော်က ချုပ်ပြီး လုပ်ကိုင်ခဲ့တဲ့ အနေအထား။ အဲဒီဟာတွေကနေ ပြောင်းဖို့အတွက် ဆိုရင်တော့ ၀န်ဆောင်မှုလုပ်ငန်းတွေကို ပီပီပြင်ပြင် လုပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ ၀န်ကြီးဌာနတွေကို လိုက်ပြီး ညှိနှိုင်းပေးတဲ့သဘော။ ဒီမှာ ဘာအခက်အခဲတွေ ရှိနေလဲ၊ ကျနော်တို့ တွေ့ရတာကတော့၊ စလုပ်နေကြတာကတော့ ကုန်သည်ပွဲစားတွေပါမယ်၊ အသင်းတွေပါမယ်။ ဘာအခက်အခဲတွေ ရှိနေလဲ၊ အခက်အခဲတွေကို ၀န်ကြီးဌာနတွေက ဘယ်လိုဖြေရှင်းပေးနိုင်မလဲ၊ ဒီလိုတွေ့ပြီးတော့ အချင်းချင်းစကားပြောရအောင် လုပ်နေတဲ့သဘောပါပဲ” လို့ ဆိုပါတယ်။

အစိုးရ၀န်ကြီးဌာနတွေကို အကဲဖြတ်ပြီး တွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတထံ တင်ပြသွားမယ်လို့ လည်း ပြောပါတယ်။

“အခုလောလောဆယ်မှာတော့ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်နဲ့ ဆက်စပ်နေတဲ့ အကေက်ခွန်၊ ရေကြောင်းပို့ဆောင်ရေး. ဆိပ်ကမ်းပေါ့။ မနက်ဖြန်မှာဆို FDA တို့ပါ ပါမယ်။ လောလောဆယ်တော့ ဒါတွေကို အတတ်နိုင်ဆုံး ညှိနှိုင်းပြီး လွယ်ကူချောမွေ့အောင် လုပ်သွားချင်တယ်။ ရလာတဲ့ ရလဒ်ကို သမ္မတကို တင်ပြမယ်။ နောက် ဒီမှာအတော်အတန် ချောမွေ့မြန်ဆန်လာတယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အလုပ်အဖွဲ့တွေ ဖွဲ့စည်းပြီး ညှိနှိုင်းဆောင်ရွက်မယ့် နည်းလမ်းတခု၊ တည်ဆောက်ပုံ တခုကို ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့မယ်။ ပြီးရင်တော့ ကျနော်တို့က တခြားဝန်ကြီးဌာနတွေကို ဆက်သွားပေါ့ ကဏ္ဍအလိုက်ပေါ့။

“ပြုပြင်ပြောင်းလဲရေးတွေအပေါ်မှာ လူထုအနေနဲ့ မျှော်လင့်ချက်ကြီးမားတယ်ဆိုတာ နားလည်ပါတယ်။ ကျနော်တို့ကတော့ အစိုးရအုပ်ချုပ်စီမံခန့်ခွဲဖို့ ပြုပြင်ပြောင်းလဲရေးကိုလိုက်ချပါမယ်။ အခက်အခဲတွေအများကြီးရှိတာလည်း နိုင်ငံတိုင်းမှာ တွေ့ရပါတယ်။ ကမ္ဘာ့ဘဏ်ကဆောင်ရွက်ခဲ့တဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဆိုလည်း အောင်မြင်တာနဲ့ မအောင်မြင်တာမှာ မအောင်မြင်တာများပါတယ်။ နောက် နှစ်ပေါင်းများစွာ နှစ်ပေါင်း၅၀-၆၀ ခိုင်နေတဲ့ အခိုင်ကို ရွေ့အောင်လုပ်ရတာလည်း စိန်ခေါ်မှုတွေအများကြီးရှိတယ်။ သို့သော်ဘယ်လိုပဲဖြစ်ဖြစ် ဒီလုပ်ငန်းသဘာဝက လုပ်ကြရမှာပဲ။ စလုပ်ကြည့်နေတယ်။ စလုပ်ကြတယ်ဆိုတာက အပြုသဘောပေါ့။ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာကတော့ ၁ နှစ်အတွင်းမှာ ခိုင်မြဲတဲ့ကိစ္စတွေ ဘယ်လောက်ထိရှိမလဲ။ လူတယောက်ချင်းစီမှာ ခိုင်နေတဲ့ကိစ္စ၊ လူတယောက်ချင်းစီလို့ပြောရာမှာ ပြည်သူ့ဝန်ထမ်းတွေတင်မကဘူး။ အဲဒီ ၀န်ဆောင်မှုကိုရယူကြတဲ့လူတွေ၊ ဥပမာ တင်ပို့ကုန်ကို လိမ်ညာပြီးပြတာမျိုးတွေ။ အဲတော့ တခုလုံးပြုပြင်ပြောင်းလဲဖို့ဆိုရာမှာ အဲဒီတခုလုံးမှာပါနေတဲ့ အပိုင်း အပိုင်းအကုန်လုံးက ဟန်ချက်ညီညီနဲ့ ပြုပြင်ပြောင်းလဲကြမှသာ အပြောင်းအလဲကဖြစ်ပါတယ်။ တနေရာတဘက်တည်းကနေပဲ လုပ်ရင် အပြောင်းအလဲက မတည်ပါဘူး။ အဲတော့ ဒီကိစ္စတွေ ဘယ်လောက်အထိအောင်မြင်မလဲဆိုတာက အဲဒီဟန်ချက်ညီနေတာတွေအကုန်လုံးက ဘယ်လောက်အထိ ဟန်ချက်ညီညီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်ကြမလဲ ဆိုတာအပေါ်မှာလည်း အများကြီးမူတည်မယ်ထင်ပါတယ်။”

ပြည်သူဗဟိုပြုတဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လူမှုစီးပွားရေး သိသိသာသာ တိုးတက်စေဖို့အတွက် ပြည်သူ့ ၀န်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အစိုးရအဖွဲ့ အမိန့်စာနဲ့ ဖွဲ့စည်းခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013