Home
မြန်မာသတင်း
ပလက်ဝမြို့နယ် ပညာရေးဝန်ထမ်းများအတွက် ထုတ်လာသည့်လစာ လုယက်ခံရ
DVB
·
February 6, 2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက မောင်နှမကျေးရွာအနီးမှာ ပညာရေးဝန်ထမ်းတွေ ကိုပေးဖို့ထုတ်လာတဲ့ လစာငွေကြေးတွေ လုယက်ခံခဲ့ရတယ်လို့ ပလက်ဝမြို့နယ် ပညာရေးမှူးရုံးက ပြောပါတယ်။ ပလက်ဝမြို့ရဲ့ မြောက်ဘက် ၁၅ မိုင်လောက် အကွာအဝေးမှာရှိတဲ့ မောင်နှမကျေးရွာမှာ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၉ နာရီကျော် အချိန်က လုယက်ခံခဲ့ရတာပါ။ လုယက်ခံခဲ့ရတဲ့ ငွေတွေက ပလက်ဝမြို့နယ် ပညာရေးမှူးရုံးကနေ အခြေခံပညာမူလတန်း ကျောင်း(ပြင်က) ကျေးရွာမှာ တာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်းတွေကို ထုတ်ပေးဖို့ယူသွားတဲ့ ငွေကျပ် ၅ သိန်း နဲ့အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တရွန်အိုင် ကျေးရွာမှာ တာဝန်ကျနေတဲ့ ဆရာ ဆရာမတွေကို ထုတ်ပေးဖို့ယူသွားတဲ့ လစာငွေ ၁၅ သိန်း စုစုပေါင်း သိန်း ၂၀ လုယက်ခံခဲ့ရတာလို့ ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက ပြောပါတယ်။  "လက်နက်ကိုင်လို့ပဲ သတင်းရရှိတယ်။ ဘယ်အဖွဲ့ရယ်လို့တော့ သေချာ မသိရဘူး။ လူတွေကတော့ ဘာမှ မဖြစ်ဘူး။ ပိုက်ဆံပဲ ယူသွားတယ်လို့ ပြောတယ်။ အဲ့ဒါ ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ ပြည်နယ်မှူးနဲ့ညှိနှိုင်းရဦးမယ်။" ပလက်ဝမြို့မရဲစခန်း တာဝန်ရှိသူတဦးက "ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ တိတိကျကျတော့ မသိသေးဘူး။ တိတိကျကျ မသိသေးဘူးဆိုပေမယ့် အဲ့ဒီဘက်မှာက တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေ ရှိနေတာ" လို့ ပြောပါတယ်။ ပလက်ဝမြို့နယ်မှာ အရင်တုန်းက အင်တာနက် အသုံးပြုလို့ရတာကြောင့် လစာငွေတွေကို Wave Money နဲ့ လွှဲနေကြဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့ညပိုင်းကစတင်ကာ အင်တာနက်လိုင်း ပိတ်လိုက်တာကြောင့် Wave Money နဲ့ ငွေလွှဲငွေထုတ်လို့ မရတော့တာကြောင့် ဒီဖြစ်စဉ် ကြုံတွေ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ ငြိမ်းသူမင်း (ကလေးမြို့)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024