Home
မြန်မာသတင်း
ဧရာဝတီတိုင်းအစိုးရထံ ၄ နှစ်ကျော်အတွင်း တိုင်စာပေါင်း ၁၂၀၀၀ ကျော် ရောက်ရှိ
DVB
·
February 5, 2020
84416497_777816629369349_8400640007282360320_n
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ၄ နှစ်ကျော်ကာလအတွင်း ပြည်သူတွေရဲ့ တိုင်ကြား စာပေါင်း ၁၂၀၀၀ ကျော် ရောက်ရှိခဲ့တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။ ပြည်သူ့တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး အရေးယူထားမှုအခြေအနေကို ဇန်နဝါရီ ၃၁ ရက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းရဲ့ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းမှုကို တိုင်းအစိုးရ တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့တာပါ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က “တိုင်ကြားစာနဲ့ပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်းကို တိုင်ကြားစာများနဲ့ပတ်သက်ပြီး ကြားရတာ ဌာနဆိုင်ရာအကြီးအကဲတွေအနေနဲ့ မိခင်လုပ်ငန်းတာဝန်တွေနဲ့ အခြားလုပ်ငန်းတွေများတာ ကြောင့် အချိန်ပေးနိုင်မှုနည်းပြီး သက်သေများစုံလင်စွာရောက်လာမှုမရှိတာတွေ၊ အကြိမ်ကြိမ် ဆင့်ခေါ်ရတာတွေနဲ့ သက်ဆိုင်ရာ ကာယကံရှင်တွေကို အကြိမ်ကြိမ်ဆင့်ခေါ်ရတာတွေ ရှိနေပြီး မြေပြင်သို့ကွင်းဆင်းစစ်ဆေးချိန်မှာ နှစ်ဘက်မသင့်မြတ်တာတွေကြောင့် လာရောက်တာ မရှိခြင်းနဲ့ တိုင်ကြားတဲ့သူတွေက မြေပြင်မှာအမှန်တကယ် နေထိုင်မှုမရှိတာတွေကြောင့် ကြာ နေရတာတွေလည်းရှိတယ်”လို့  ပြန်လည်ဖြေကြားပါတယ်။ တိုင်ကြားသူတွေက ဆုံးဖြတ်ပြီးသား ကိစ္စတွေကို ကျေနပ်မှုမရှိတာကြောင့် ထပ်မံတိုင် ကြားတာမျိုးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် စစ်ဆေးတဲ့ဌာနဆိုင်ရာ အရာရှိတွေအနေနဲ့ ဥပဒေကြောင်းအရ မြေပြင်မှာ ပြေလည်စေဖို့ ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်များချမှတ် ဆောင်ရွက်ပေးနိုင်ပေမယ့် နှစ်ဖက်သင့်မြတ်မှုမရှိလို့ ဘက်လိုက်ဆောင်ရွက်တယ်လို့ ပြန်လည်တိုင်ကြားခံရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် တိုင်ကြားချက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က လိုအပ်လို့ ခေါ်ယူ မေးမြန်းဆွေးနွေးညှိနှိုင်းပေးတာကိုနားလည်သဘောပေါက်စွာနဲ့ ပြန်လည်ဆောင်ရွက်ပေးမယ်ဆိုရင် တိုင်ကြားစာတွေ မြန်ဆန်စွာဆောင်ရွက်ပြီးစီးနိုင်မယ်လို့လည်း  ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့တာပါ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ၄ နှစ်ကျော်ကာလအတွင်း တိုင်ကြားစာပေါင်း ၁၂၇၉၄ စာ ရောက်ရှိခဲ့ပြီး အမှုပေါင်း ၁၀၈၀၃ မှုကို ဖြေရှင်းပေးနိုင်ခဲ့ကာ အမှုပေါင်း ၁၉၉၁ မှုသာ ကျန်ရှိတော့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံက သိရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုင်ကြားစာတွေကို အချိန်နဲ့ တပြေးညီ သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်တွေကို စိစစ်တင်ပြဖို့ အကြောင်းကြားထားပြီး အချိန်ကာလသတ်မှတ်ကာ ပြန်လည် တင်ပြစေကြောင်း၊ သတ်မှတ်ကာလအတွင်း ပြန်လည်တင်ပြခြင်းမရှိပါက တိုင်းအစိုးရအဖွဲ့အနေနဲ့ နှိုးဆော်စာထုတ်တင်ပြစေဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024