DVB Logo
Home
မြန်မာသတင်း
တောင်အာဖရိက သင်ခန်းစာယူရန် ဒတ်စမွန်တူးတူး ပြောကြား
DVB
·
March 1, 2013
တောင်အာဖရိက သင်ခန်းစာယူရန် ဒတ်စမွန်တူးတူး ပြောကြား
Donate to DVB

တောင်အာဖရိကရဲ့အသွင်ကူးပြောင်းရေးကနေ သင်ခန်းစာယူဖို့ မြန်မာပြည်ကို ရောက်နေတဲ့ ဘုန်းတော်ကြီး ဒတ်စမွန်တူတူးက ဒီနေ့  ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်ကို ရန်ကုန်မြို့ ကျောက်ကုန်းမှာရှိတဲ့ နေအိမ်မှာ တွေ့ဆုံတဲ့ အချိန်မှာ အခုလို ပြောလိုက်တာပါ။

တောင်အာဖရိကရဲ့ ဖွဲ့စည်းပုံဥပဒေက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖွဲ့စည်းပုံဖြစ်တဲ့ အကြောင်း ဘုန်းတော်ကြီးက ရယ်ရယ်မောမောနဲ့ အခုလို မိန့်ကြားပါတယ်။

[caption id="attachment_37017" align="alignright" width="300" caption="ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ဦးဝင်းတင် တွေ့ဆုံစဉ်"][/caption]

“တောင်အာဖရိက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေးအမြင်မတူသူတွေ အတူတကွ အလုပ်လုပ်နိုင်အောင် ရေးဆွဲထားတယ်။  လူ့အခွင့်အရေးဆိုတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။  လူမျိုး၊ ကျားမနဲ့ အသက်အရွယ်အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာ၊ မသန်စွမ်းသူတွေအပေါ်  ခွဲခြား ဆက်ဆံတာ၊ သေဒဏ်ပေးတာကိုလည်း ဖွဲ့စည်းပုံနဲ့ တားဆီးထားတယ်” လို့ ဘုန်းတော်ကြီးက မိန့်ကြားသွားတာပါ။

ဒါပေမယ့် တောင်အာဖရိကမှာ ဆင်းရဲမွဲတေမှု၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှု၊ ဒုစရိုက်မှုတွေ၊ ဆင်းရဲချမ်းသာကွာဟမှု၊ အလုပ်လက်မဲ့လို ပြဿနာတွေနဲ့ အဂတိလိုက်စားမှု ကိစ္စတွေက ဆက်ရှိနေတယ်ဆိုတာကိုလည်း ဘုန်းတော်ကြီးက ၀န်ခံပါတယ်။

ဒါကြောင့် လွတ်မြောက်ရေးခရီးဟာ ဘယ်တော့မှ ဆုံးတယ်လို့ မရှိနိုင်လို့  အမြဲတမ်း သတိနဲ့ နိုးကြားနေဖို့  လိုအပ်တယ်လို့ ပြောသွားပါတယ်။

ဦးဝင်းတင်ကလည်း မြန်မာပြည်မှာ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာတယ် ဆိုပေမယ့် အခုအချိန်အထိ မလွတ်မြောက်သေးတဲ့အကြောင်း လွတ်မြောက်ရေးတိုက်ပွဲကလည်း ကြာဦးမယ်လို့ ပြန်လည် ဆွေးနွေး ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာနဲ့ ပြည်ထောင်စုကိစ္စတွေ အားလုံးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက အဓိက အဟန့်အတား ဖြစ်နေတဲ့အကြောင်း ပြန်လည် ဆွေးနွေးပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့ယုံကြည် ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံက အန်အယ်လ်ဒီနဲ့ နိုင်ငံရေးအာဏာကြားမှာ နံရံတခုကို ကာဆီးထားတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်ရင် အန်အယ်လ်ဒီက ရွေးကောက်ပွဲနိုင်ပေမယ့် အာဏာမရနိုင်သလို ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ မဖြစ်နိုင်ဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံဟာ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စုပုံစံ တည်ဆောက်ရေး အတွက်လည်း အဟန့်အတား ဖြစ်နေတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

တောင်အာဖရိကဆီကနေ မြန်မာပြည်အသွင်ကူးပြောင်းရေးအတွက် အရေးအကြီးဆုံး သင်ခန်းစာက ဘာဖြစ်မလဲလို့ ဘုန်းတော်ကြီး တူးတူးကို ဒီဗွီဘီက မေးမြန်းတဲ့အခါမှာတော့ “လွတ်လပ်ရေးဟာ ဖိနှိပ်ခြင်းထက် အကုန်အကျ သက်သာတယ် (freedom is cheaper than oppression)” လို့ ဘုန်းတော်ကြီးက ဒဿနဆန်ဆန် ဖြေပါတယ်။

၄၅ မိနစ်ကြာတွေ့ဆုံတဲ့ အခါမှာ ဒက်စမွန်တူးတူးက ဦးဝင်းတင်ရဲ့သတ္တိနဲ့ ရပ်တည်ချက်၊ လွတ်မြောက်ရေးအပေါ် မြတ်နိုးတဲ့စိတ်ဓာတ်နဲ့ အနစ်နာခံ ပေးဆပ်မှုတွေအပေါ် လေးစားတဲ့ အကြောင်း ထပ်တလဲလဲပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013