မြန်မာ့ဘိန်းထုတ်လုပ်မှု ကမ္ဘာ့ဒုတိယအဆင့်မှ တတိယအဆင့်သို့ လျော့ကျသွား
ပိုင်စိုး
·
February 5, 2020
မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ အရင်ကကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယအများဆုံးအဆင့်ရှိခဲ့ရာကနေ အခုတော့ တတိယအဆင့်ကို လျော့ကျသွားပြီလို့ ပြည်ထဲရေးဒုတိယဝန်ကြီးက ပြောပါတယ်။
မနေ့က နေပြည်တော်မှာကျင်းပတဲ့ ၂၀၁၉ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်း အစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က ဘိန်းစိုက်ဧက ၉ သောင်းကျော်ရှိရာက ၂၀၁၉ ခုနှစ်မှာတော့ စိုက်ဧက ၈ သောင်းကျော်သာ ရှိတော့တယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)တို့ ပူးပေါင်းတိုင်းတာပြီးရခဲ့တဲ့ ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းကောက်ယူတဲ့ ရလဒ်တွေကို တင်ပြထားတာလို့ ပြည်ထဲရေး ဒု ဝန်ကြီးဗိုလ်ချုပ်အောင်သူက ပြောပါတယ်။
မြန်မာနို်ငငံမှာ ၂၀၁၇ ခုနှစ်က ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀၀၀ (ဧက ၁ သိန်းကျော်) ၊ ၂၀၁၈ ခုနှစ်မှာ ဟက်တာ ၃၇၃၀၀ (ဧက ၉၂၀၀၀ ကျော်) ရှိခဲ့ရာက ၂၀၁၉ ခုနှစ်မှာတော့ ဟက်တာ ၃၃၁၀၀ (ဧက ၈၁၀၀၀ ကျော်) အထိ နှစ်အလိုက်ကျဆင်းလာခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဘိန်းစိုက်ပျိုးတာနဲ့ ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုးတာကို နှိုင်းယှဉ်ရင် ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဘိန်းထုတ်လုပ်တာဟာလည်း ဆက်လက်လျော့ကျခဲ့ပါတယ်။ ဘိန်းဈေးနှုန်းကတော့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်ယှဉ်ရင် ကျပ်ထောင်ဂဏန်းလောက်ပဲ တက်လာတာကို တွေ့ရပါတယ်။
ဘိန်းစိုက်ပျိုးမှု ကျဆင်းလာသလို ဘိန်းထုတ်လုပ်မှုကလည်း ၂၀၁၇ ခုနှစ်မှာ ၅၅၀ မက်ထရစ်တန်၊ ၂၀၁၈ ခုနှစ်မှာ ၅၂၀ မက်ထရစ်တန်ရှိခဲ့ရာက ၂၀၁၉ ခုနှစ်တွင် ၅၀၈ မက်ထရစ်တန်အထိ ထုတ်လုပ်မှုကျဆင်းခဲ့လို့ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်တာဟာ အရင်က ကမ္ဘာမှာ ဒုတိယအဆင့်ရှိခဲ့ရာက အခုတော့ တတိယအဆင့်ကို လျော့ကျရောက်ရှိသွားပြီလို့ ပြည်ထဲရေး ဒုတိယဝန်ကြီးက ပြောပါတယ်။
ကမ္ဘာမှာအရင်က ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးသုံးနိုင်ငံက အာဖဂန်နစ္စတန်၊ မြန်မာနဲ့ မက္ကဆီကိုနိုင်ငံတို့ဖြစ်ကြပြီး နောက်ပိုင်းမှာ မက္ကဆီကိုနိုင်ငံက ဓာတုဗေဒသုံးပြီး မူးယစ်ဆေးဝါးတွေ အမြောက်အမြား ထုတ်လုပ်တာကြောင့် မြန်မာက တတိယနေရာကို လျော့ကျသွားတာဖြစ်ပါတယ်။
မြန်မာပြည်တွင်း ဘိန်းစိုက်ပျိုးတာကို လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့ တောင်တန်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာလည်း အဓိကစိုက်ပျိုးပါတယ်။
မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နဲ့ UNODC တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုစစ်တမ်းနဲ့ ဘိန်းစိုက်ပျိုးတဲ့ဒေသက ပြည်သူတွေရဲ့ လူမှုစီးပွား စစ်တမ်း ကောက်ယူတာကို ၂၀၀၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ တရားမဝင်ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ၂၀၁၄ ခုနှစ်က စတင်လို့ အခုနှစ်အထိ ပြန်လည်ကျဆင်းခဲ့တယ်လို့ စစ်တမ်းအရ သိရပါတယ်။
အစီရင်ခံစာမှာတော့ ရှမ်းပြည်နယ်မှာ စိုက်ပျိုးတာဟာ ၂၀၁၈ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်း အထိလျော့သွားပြီး ရှမ်းပြည်မြောက်ပိုင်းကတော့ သိသိသာသာကိုလျော့သွားတာ တွေ့ရပေမယ့် ကချင်ပြည်နယ်မှာတော့ ၁၅ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်က စိုက်ဧကဟာ ကချင်ပြည်နယ်ထက် ၁၀ ဆလောက်များနေတာပါ။
တနိုင်ငံလုံးက ဘိန်းစိုက်ပျိုးတာရဲ့ ၃၆ ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ၂၇ ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ၂၂ ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ၁၂ ရာခိုင်နှုန်းဟာ ကချင်ပြည်နယ်မှာ စိုက်ပျိုးတာဖြစ်ပြီး ၃ ရာခိုင်နှုန်းကတော့ ကယားနဲ့ ချင်းပြည်နယ်မှာ စိုက်ပျိုးတာလို့ အစီရင်ခံစာက ဆိုပါတယ်။
အစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးတဲ့ဒေသတွေမှာ ဘိန်းစိုက်ပျိုးတာ လျော့နည်းပပျောက်စေဖို့ လမ်းတံတား တည်ဆောက်တာ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေ၊ ရေနဲ့ စွမ်းအင် ရရှိရေး လုပ်ငန်းတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အဦတွေ တည်ဆောက်ပေးတ ာကို နှစ်အလိုက် ဘဏ္ဍာငွေအမြောက်အများ အကုန်အကျခံပြီး ဆောင်ရွက်ပေးခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ်ကစလို့ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းနဲ့ နောက်တိုး ၅ နှစ် စီမံကိန်းတွေကို ၂၀၁၉ ခုနှစ်ထိ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။