စကော့တလန် ဘောလုံးလောကတွင် လူမျိုးရေး ခွဲခြားမှုရှိနေ စတီဗင်ဂျရတ်ပြော 

Sky Sports
ရိမ်းဂျားတိုက်စစ်မှူး အယ်လ်ဖရာဒို မိုရာလက်စ်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေဟာ စကော့တလန် ဘောလုံးလောကမှာ လူမျိုးရေး ခွဲခြားမှုတွေ ကျန်ရှိနေသေးတယ်ဆိုတဲ့ သက်သေဖြစ်တယ်လို့ ရိမ်းဂျားနည်းပြ စတီဗင်ဂျရတ်က ပြောပါတယ်။  ကိုလံဘီယာ တိုက်စစ်မှူး မော်ရာလက်စ်က သူ့ရဲ့ နှစ်နှစ်ခွဲကြာ ရိမ်းဂျား ကစားသမားဘဝအတွင်း ကွင်းထဲမှာတင် မဟုတ်ဘဲ ကွင်းပြင်မှာပါ လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ မကြာသေးခင်က အင်တာဗျူးတခုမှာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။  ဂျရတ်က သူဟာ ကစားသမားဘက်က အပြည့်အဝ ထောက်ခံအားပေးထားတယ်လို့ ပြောဆိုထားပေမယ့် ဒီအခြေအနေဟာ စကော့တလန်တနိုင်ငံလုံးအတွက် ရှက်စရာ ဖြစ်ရပ်တခု ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ “သူတို့အနေနဲ့ လူမျိုးရေး ခွဲခြားတယ်လို့ ခံစားနေရတယ်ဆိုရင် ကျနော်တို့ကတော့ ကစားသမားတွေဘက်က အပြည့်အဝ ထောက်ခံ ရပ်တည်ပေးသွားမှာပါ” လို့ ဂျရတ်က ပြောပါတယ်။  “ဒီလိုမျိုးပဲ တခြားကစားသမားတွေ လူမျိုးရေး ခွဲခြားခံရတယ်ဆိုရင်လည်း  ကျနော်တို့က ခွဲခြားခံရတဲ့သူဘက်က ရပ်တည်ပေးသွားမှာပါ။ အခုအခြေအနေအရဆိုရင် ဒီလိုမျိုး ခွဲခြားမှုက ဒီနိုင်ငံထဲမှာ ပြဿနာတခုအဖြစ် ဆက်ရှိနေသေးတဲ့ပုံပါ။ ကျနော် အမြဲတမ်း ပြောခဲ့သလိုပဲ ကျနော်ကတော့ ဘယ်လိုခွဲခြားမှုမျိုးကိုမဆို လက်မခံပါဘူး။ ကျနော် တယောက်တည်းတင် မဟုတ်ဘဲ ဘုတ်အဖွဲ့တခုလုံးကလည်း ဒီလိုပါပဲ။ ဒီခေတ် ဒီအခါမှာ ကျနော်တို့ လူမျိုးရေးခွဲခြားမှုအကြောင်း ပြောဆိုနေရတာ တကယ်ကို စိတ်ပျက်စရာကောင်းပါတယ်။ တကယ့်ကို ရှက်စရာကိစ္စပါပဲ” လို့ ဂျရတ်က ပြောပါတယ်။ မိုရာလက်စ်ဟာ စကော့တလန်လိဂ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတဦးဖြစ်ပြီး မကြာသေးခင်ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းများစွာ ပေါ်ထွက်လာခဲ့ပါတယ်။  ဒီအခြေအနေမှာ ဂျရတ်ကလက်ရှိ သူကြုံတွေ့နေရတဲ့ ခွဲခြားတိုက်ခိုက်မှုတွေဟာ ရိမ်းဂျားအသင်းကနေ ထွက်ခွာဖို့ အကြောင်းပြချက် မဖြစ်စေဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up